Saturday, April 20, 2013

တို့ဗမာ အစည်းအရုံး စတင်ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း

ဗုဒ္ဓဘာသာဝင်စစ်စစ်များသာshareကြပါ

ကုလား - ဗမာ အထိကရုဏ်းကို အကြောင်းပြုပြီး ဗိုလ်တထောင် အားကစားကွင်းထဲမှာ မြန်မာလူငယ်များ အစည်းအဝေး
တရပ်ကျင်းပ ကြတယ် ။ " တို့ဗမာ " " တို့ဗမာ " လို့အော် လက်သီးလက်မောင်းတန်းပြီး ဆန္ဒပြကြတယ် ။ တို့ဗမာ ဆိုတဲ့
ကြွေးကြော်သံဟာ ရန်ကုန်မြို့ တမြို့လုံး ပျံ့နှံ့သွားတယ် ။ နောက်မကြာမီ မြန်မာပြည် တပြည်လုံးကို ကူးစက်ပဲ့တင်ခတ်သွားတယ် ။

" တို့ဗမာ " အမျိုးသားရေး လှုပ်ရှားမှုဟာ စလျှင် စချင်း အဖွဲ့အစည်း မရှိသေးဘူး ။ နိုင်ငံပြုစာစု အမှတ် (၁) ဆိုတာကို
ပုံနှိပ်ထုတ်ဝေကြတော့မှ " တို့ဗမာ " နှင့် " အစည်းအရုံး " ကို ပထမဦးဆုံး အကြိမ် တွဲဖက်အသုံးပြု လိုက်တယ် ။အစည်း
အရုံး အမည်ကို သုံးလိုက်သော်လဲ စနစ်တကျ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း မရှိသေးဘူး ။ သခင် ဗသောင်း ၊ သခင်လှ
ဘော် စသူတို့ ခေါင်းဆောင်တဲ့ လူငယ်တစ်စုက စလိုက်တဲ့ လှုပ်ရှားမှု တရပ်သာဖြစ်ပါတယ် ။

တို့ဗမာ အစည်းအရုံး အမည်ခံပြီး ရေးသားထုတ်ဝေလိုက်တဲ့ နိုင်ငံပြု စာစု အမှတ် (၁) ကို အောက်ပါအတိုင်း ခေါင်းစီး
ထိုးထားတယ် ။

"" ၁၂၉၂ ခုနှစ် ကဆုန်လကွယ်နေ့တွင် ဂေါ်ရင်ဂျီကုလားများနှင့် နောက်နေ့များတွက် ကျူလျာ ကုလားတို့က အကြောင်းမဲ့ဗမာတို့ကို စော်ကားသည့်အရေး၌ ခုခံကာကွယ်ရာတွင် အသက်ဆုံးရှုံးရသူတို့နှင့် ဒဏ်ရာရရှိသူ ငါတို့ဗမာများအတွက် အထိမ်းအမှတ် ဖြစ်စေရန် ရေးသားအပ်သော တို့ဗမာ စာတန်း ""

စာတန်းရဲ့ ခေါင်းစီးက တို့ဗမာ လှုပ်ရှားမှုဟာ ကျဉ်းမြောင်းသော လူမျိုးရေးဝါဒဖြင့် ပွဲဦးထွက်ခဲ့ကြောင်း ပြလိုက်တယ် ။

" အကြောင်းမဲ့ ဗမာတို့ကို စော်ကားသည့် အရေး " ဟု ဖော်ပြလိုက်ခြင်းဖြင့် ကုလား - ဗမာ အဓိကရုဏ်းရဲ့ အတွင်းသရုပ်
ဖြစ်တဲ့ စီးပွားရေးကပ်ကြီးနှင့် နယ်ချဲ့ အရင်းရှင်ပေါ်လစီကို ပဓာန လက်သည်အဖြစ်ဖြင့် မြင်နိုင်စွမ်း မရှိကြောင်း ထင်ရှား
တယ် ။ ဒါပေမယ့် တို့ဗမာ အမျိုးသားရေး ဝါဒဟာ သူ့ခေတ် သူ့အခါမှာ တိုးတက်သော သဘောကို ဆောင်တယ် ။

ဗမာပြည်သည် တို့ပြည် ၊
ဗမာစာသည် တို့စာ ၊
ဗမာစကားသည် တို့စကား ၊
ဗမာပြည်ကို ချစ်ပါ ၊
ဗမာစာကို ချီးမြှင့်ပါ ၊
ဗမာစကားကို လေးစားပါ ။

ဆိုသော ဆောင်ပုဒ်ဟာ ကုလားဆန့်ကျင်ရေး ဆောင်ပုဒ်ဖြစ်ရုံသာမက အင်္ဂလိပ်ဆန့်ကျင်ရေးလည်း ဖြစ်နေတယ်။
မျိုးချစ်ပြည်ချစ်စိတ် တိုးပွားစေခဲ့တယ်။ နယ်ချဲ့ဆန့်ကျင်ရေး၊ တော်လှန်ရေး၊ အမျိုးသား ယဉ်ကျေးမှု တော်လှန်ရေး
တို့အတွက် စည်းရုံးလှုံ့ဆော်သော ဆောင်ပုဒ်များ ဖြစ်လာတယ်။

နိုင်ငံပြု စာစု အမှတ်(၁) မှ စီးပွား ကြွေးကြော်သံများ နှင့် လှုံ့ဆော်ချက်များကိုလည်း ကြည့်ပါဦး ။

" ဗမာဆိုင်များ တည်ကြကုန်လော့ "

" ဗမာဆိုင်၌ ဝယ်ကြကုန်လော့ "

ဒီကြွေးကြော်သံများဟာ တပြည်လုံးအနှံ့အပြား ဆိုင်တည်ပြီး ဖောက်ကားရောင်းဝယ် အမြတ်ထုတ်နေကြတဲ့ ကုလားများ
ကို ဆန့်ကျင်သော ကြွေးကြော်သံများသာ ဖြစ်တယ် ။

" ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်ကြလေလော့ ။ ဗမာဆိုင်များကလည်း ပေါက်ဈေးထက်ပို၍ မရောင်းကြပါနှင့်။ ဝယ်သူ
ဗမာများကလည်း ဈေးတူ ကုန်တူလျှင် ကိုယ့်ဗမာ အချင်းချင်း ဆိုင်မှ ဝယ်ကြပါ ။ "

"စီးပွားရှိမှ အားရှိမည် ။ ငါတို့ ဗမာနိုင်ငံတွင် ငါတို့ ဗမာလူမျိုးသာ လွှမ်းမိုးထိုက်သည်။ ကိုယ့်ပြည် ကိုယ့်မြေတွင် ထင်းခွေ
ရေခပ် အဖြစ်နှင့် မနေချင်ကြပါနှင့်။ စီးပွားရေးတွင် နိုင်ငံခြားသားတို့ လွှမ်းမိုးနေသမျှ တို့ဗမာ တန်ခိုးထွက်နိုင်မည် မဟုတ်။

" အရောင်းအဝယ် အလုပ်မှာ အသင်တို့ ငါတို့ဗမာများ လျစ်လျူရှု၍ ထားခဲ့သော အရေးဖြစ်သဖြင့် ယခုမှစ၍ လုပ်ဆောင်ကြရာတွင် အခက်အခဲ အမျိုးမျိုးနှင့် တွေ့ကြုံရပေလိမ့်မည် ။ သို့ရာတွင် ထိုသို့တွေ့ကြုံရမည့် အခက်အခဲအမျိုးမျိုးကို အရှုံးမပေးကြပါနှင့်။ တို့ဗမာများလည်း အလုပ်ကို အလုပ်နှင့်တူအောင် လုပ်တတ်အောင် ပြုကြပါ။ အားနာမှု ၊ အကြွေးချမှု ၊ သဌေးကုန်ရောင်း သွေးကြီးမှုများကိုလည်း ရှောင်ကြပါ။ ရောင်းသူ ဝယ်သူ အချင်းချင်း ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်
အောင်လေ့လာကြပါ ။ ဗမာပြည်သည် ဗမာဘို့ဆိုသော စကားကိုလည်း အမြဲသတိရပါ။ တို့ဗမာဆိုသော စိတ်ကိုလည်း အမြဲနှလုံသွင်းပါ ။ "

ဒီလှုံ့ဆော်ချက်တွေဟာ အင်္ဂလိပ် ၊ ကုလား ၊ တရုတ်ကုန်သည် ဈေးသည် ဆိုင်ရှင်များ နေရာမှာ ဝင်ရန်ကြိုးစားနေတဲ့ ဗမာအရင်းရှင်ပေါက်စ (ဝါ) တိုင်းရင်းသား အရင်းရှင်ရဲ့ လှုံ့ဆော်ချက်တွေ ဖြစ်ပါတယ် ။ " တို့ဗမာ " လှုပ်ရှား ဖွဲ့စည်းမှုဟာ တိုင်းရင်းသား အရှင်းရှင် လူမျိုးရေး ဝါဒ အဖြစ်ဖြင့် သမိုင်းစခဲ့ပါတယ် ။

( တို့ဗမာ အစည်းအရုံး စတင် တည်ထောင်ခြင်း )

နိုင်ငံပြု စာစု အမှတ်(၁) က အထူးအလေးအနက်ပြုလိုက်တဲ့ အချက် တစ်ချက်ကတော့ ကျဉ်းမြောင်းတဲ့ ဒေသစိတ် ပယ်ပြီးကျယ့်ပြန့်တဲ့ နိုင်ငံစိတ် မွေးမြူကြရန် ဖြစ်ပါတယ် ။

ကိုယ့်အိမ်ကိုမှ ကိုယ်သိတတ်ပြီး ကိုယ့်အိမ်ကိုသာ ကာကွယ်စောင့်ရှောက်တတ်ခြင်း ၊ ကိုယ့်ရပ်ကိုမှ ကိုယ်သိတတ်ပြီး ကိုယ့်ရပ်ကိုသာ ကာကွယ်စောင့်ရှောက်တတ်ခြင်း ၊ ကိုယ့်ရွာကိုမှ ကိုယ်သိတတ်ပြီး ကိုယ့်ရွာကိုသာ ကာကွယ်တတ်ခြင်းစတဲ့ ဒေသစိတ်ဟာ အကျင့်ဆိုးကလေးတွေ ဖြစ်တယ် ။

ထိုအကျင့်ဆိုးလေးတွေကို ပယ်ဖျောက်ပြီး ' မြစ်ကြီးနားမှ ထားဝယ်အရောက်ဖြစ်သော ငါတို့ဗမာပြည် တဝှမ်းလုံးကို ငါတို့ပြည်၊ ငါတို့မြေ ၊ ငါတို့အိမ် ၊ ငါတို့ယာ ဟု မှတ်ထား၍ ချစ်ကုန်ကြ ၊ စောင့်ရှောက်ကြပါကုန် ။

'သို့မှသာ ငါတို့သည် ကမ္ဘာပေါ်တွင် ယဉ်ကျေးသည် ဆိုသော တိုင်းကြီးနိုင်ငံကြီးသားတို့နှင့် ရင်ပေါင်တန်း နေနိုင်၍ လူစာရင်း ပေါက်ပါလိမ့်မည်' လို့ နှိုးဆော်ထားတယ်။

လူများတွေက အရေးကြုံရင် ကိုယ့်အိမ်ကိုမှ ကိုယ့်အိမ်မှတ်ပြီး ကိုယ့်အိမ်ထဲမှာသာ နေကာ စောင့်ရှောက်ကာကွယ်နေကြသူတွေကို လူလိမ်မာလို့ ခေါ်နေကြတယ်။

ကိုယ့်အိမ်အပြင်ထွက်ပြီး လမ်းတကာလျှောက်ပြီး ၊ နေရာတကာ သွားပြီး ရန်သူကို ခုခံတိုက်ခိုက်သူ ၊ ကာကွယ်စောင့်ရှောက်သူကို လူမိုက်လို့ ခေါ်နေကြတယ်။

တို့ဗမာ အစည်းအရုံးကတော့ လူမိုက်များကိုသာ အလိုရှိတယ် ၊ လူမိုက်များကိုသာ ဂုဏ်ပြုတယ် ၊ လူမိုက်များကိုသာ စုစည်းလိုတယ် စသည်ဖြင့် ကြေငြာလိုက်ပါတယ် ။

ကုလား - ဗမာ အဓိကရုဏ်းဖြစ်ပြီး တစ်လကျော်ကျော်လောက်ကြာတော့ သခင်ဗသောင်း ၊ သခင်လှဘော် စတဲ့ တို့ဗမာ အစည်းအရုံး စတင်တည်ထောင်သူတွေဟာ ၊ ဝိုင်အမ်ဘီအေ ဆရာတင်နှင့် ပေါင်းမိပြီး တို့ဗမာ သီချင်းကို ရေးသားစပ်ဆိုလိုက်ကြတယ်။

နောင် ဥဒါန်းမကျေအောင် ရာဇဝင်တင်ထားတဲ့ ကမ္ဘာတခွင်မှာ အထင်အရှားဖြစ်တဲ့ တို့ဗမာတွေ " တို့ခေတ်မှာ ညံ့ကြတော့မှာလား ၊ တို့ဗမာ မဟုတ်ဘူးလား " စသည်ဖြင့် သွေးထိုးလိုက်တယ် ။

' တို့ဗမာ ၊ ငါတို့ဗမာ ၊ ယောကျာင်္း ဘသား တို့ဗမာ ၊ သခင်မျိုးဟေ့ ဒို့ဗမာ ' လို့ လက်ပန်းပေါက်ခတ် ကြုံးဝါးလိုက်တယ် ။

' ဒါ တို့ပြည် ၊ ဒါ တို့မြေ ၊ ဒါ ငါတို့ပြည် ' လို့ တောင်းဆိုလိုက်တယ် ။
' တို့ ဗမာပြည်ကို တိုင်းရင်းသား ကုန်စင် တို့ပြည်လို့ မှတ်ထင် ' ပြီး ကာကွယ်စောင့်ရှောက်ကြပါလို့ တိုက်တွန်းလိုက်တယ်။

' အမျိုးသားရေး ကြိုးပမ်းကြပါ ။ တို့ ဗမာဟေ့ တို့ဗမာ ၊ သြော် အမျိုးသားရေး ကြိုးပမ်းကြပါ ။ တို့ ဗမာ၊ အရှေ့က နေဝန်းထွက်သည့် ပမာပ ၊ တို့ ခေတ်ကိုသာ ရောက်ရမည်မှာ မလွဲပါ ။ တို့ဗမာ ဟေ့ တို့ ဗမာ ' လို့ မျှော်လင့်ချက် လင်းရောင်ဦးပေးလိုက်ပါတယ် ။

တို့ဗမာ သီချင်းကို ၁၂၉၂ ခု ဝါဆိုလဆုတ် ၁၁ ရက် တနင်္ဂနွေ ညနေ ငါးနာရီတွင် ရွှေတိဂုံကုန်းတော် အနောက်မြောက်ဒေါင့်ဦးစံထွန်း ဒေါ်နှစ် ဇရပ်မှာ အခမ်းအနားနှင့် စတင် သီဆိုပါတယ် ။
၂၀ ၊ ၇ ၊ ၁၉၃၀ သူရိယ သတင်းစာမှာ သီချင်းစာသားကို တစ်ရက် ကြိုတင်ပြီး ဖော်ပြခဲ့တယ် ။
အခမ်းအနားနှင့် သီဆိုတဲ့နေ့မှာ သခင်ဗသောင်းက နိဒါန်း စကားပြောတယ် ။ ဝိုင်အမ်ဘီ ဆရာတင် ကိုယ်တိုင်သီဆိုတယ်။

လူတွေကို လှုံ့ဆော်စည်းရုံးရာမှာ အထက်မြက်ဆုံး သီချင်း ဖြစ်ပါတယ်။
ဒီနေရာမှာပဲ နောက်ထပ် လူစုလူဝေးနှင့် အကြိမ်ကြိမ် ဆိုတယ်။ အခြားနေရာတွေကိုလဲ သွားပြီး လူစုလူဝေးရှေ့မှာ သီဆိုပြကြတယ် ။ ဟိုက ဖိတ်ကြ ၊ သည်က ဖိတ်ကြ ကိုး ။

သီချင်းကျက်လိုသူတွေ ၊ တီးလုံးတိုက်လိုသူတွေကလဲ တို့ဗမာ အစည်းအရုံးတည်ရာ ဗဟန်း ရေတာရှည်လမ်း ခြံအမှတ် ၃၃ကို လာကြတယ်။

တို့ဗမာ သီချင်း တီးမှုတ်သီဆိုပွဲများဟာ လူစည်ကားတဲ့ ၊ တက်ကြွတဲ့ လူထုဝါဒဖြန့် လှုံ့ဆော်ရေး အစည်းအဝေးများဖြစ်လာတယ် ။ ရန်ကုန်မြို့မှာသာမက အနယ်နယ် အရပ်ရပ်သို့လဲ ပျံ့နှံ့သွားတယ် ။ တည်ထောင်ခါစ တို့ဗမာ အစည်းအရုံးရဲ့ ထင်ရှားလှတဲ့ စည်းရုံး လှုပ်ရှားမှု အသွင်သဏ္ဍာန်နှစ်ခုကတော့ နိုင်ငံပြု စာစု အမှတ် (၁) မှ အမှတ်(ဂ) အထိ ထုတ်ဝေခြင်းနှင့် တို့ဗမာသီချင်း သီဆိုခြင်း ဖြစ်တယ်။

စာပေနှင့် ဂီတကို အများဆုံး အသုံးပြုသွားတယ်။ စာပေနှင့် ဂီတတို့ရဲ့ လှုံ့ဆော်မှု တန်ခိုးက ကြီးမားလှကြောင်း သက်သေဖြစ်ပါတယ် ။

' ဗမာပြည်သည် တို့ပြည်၊ ဗမာစာသည် တို့စာ ၊ ဗမာစကားသည် တို့စကား ၊ ဗမာပြည်ကို ချစ်ပါ ၊ ဗမာစာကို ချီးမြှင့်ပါ ၊ ဗမာစကားကို လေးစားပါ ' ဆိုတဲ့ ဆောင်ပုဒ်များဟာ တစ်နိုင်ငံလုံးမှာ ပဲ့တင်ခတ်နေတယ် ။

အဲဒီတုန်းက မြန်မာပြည်ရှိ မြို့ကြီးများနှင့် မြို့ကလေးတို့မှာ လမ်းနာမည်များကို အင်္ဂလိပ်အမည် ၊ တရုတ်အမည် နှင့် ကုလားအမည်များ ပေးထားတယ် ။ လမ်းအမည် ဆိုင်းဘုတ်များကိုလဲ အင်္ဂလိပ်လို ရေးသားထားတယ်။ လမ်းအမည်ပေးခြင်း၊ ဆိုင်းဘုတ်ရေးခြင်းကို မြူနီစီပယ် အဖွဲ့များက ပြုလုပ်ကြခြင်း ဖြစ်တယ် ။

မြူနီစီပယ် အဖွဲ့များဟာ ဒေသန္တရ ကိုယ်ပိုင်အုပ်ချုပ်ရေး မူအရ အာဏာအနည်းအကျဉ်းရှိတယ်။ မြူနီစီပယ် လူကြီးတွေဟာ
ကလဲ ရွေးကောက်တင်မြှောက်ထားတဲ့ မြန်မာလူကြီးတွေ ဖြစ်တယ် ။

တို့ဗမာ အစည်းအရုံးက မြူနီစီပယ် အဖွဲ့များကို မြန်မာလို လမ်းအမည်များ ပြန်မှည့်ရန်နှင့် မြန်မာလို ရေးသားဖော်ပြရန်တိုက်တွန်း ဆော်သြကြတယ် ။ တို့ဗမာ အစည်းအရုံးဟာ ဒေါင်းအလံကို အမျိုးသား အလံအဖြစ် လက်ခံပြီး လူအများက အိမ်မှာသော် လည်းကောင်း ၊ အစည်းအဝေးမှာသော် လည်းကောင်း ၊ အများပြည်သူနှင့် ဆိုင်ရာ အဆောက်အဦ များမှာလည်းကောင်း ချိတ်ဆွဲကြရန် နှိုးဆော် တိုက်တွန်းတယ်။

အားလုံးအတွက် တစ်ပုံစံတည်း ဖြစ်အောင် နမူနာပြ ရေးဆွဲချုပ်လုပ်ပေးတယ်။ ကမ္ဘာက အသိအမှတ်ပြုသော တို့ဗမာ တိုင်းသုံးတဲ့ အမျိုးသားအလံ တစ်ခုဖြစ်ပေါ်ရေးအတွက် လှုံ့ဆော် စည်းရုံးခြင်းကိုက အမျိုးသားရေး တိုက်ပွဲတစ်ရပ်ဘဲဗျာ ။

တို့ဗမာ အစည်းအရုံးဟာ တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့ကြတဲ့ အမျိုးသား အာဇာနည်များ ကိုဂုဏ်ပြုတယ် ။ နောင်လာ နောက်သားတို့ သင်ခန်းစာယူကြရန်နှင့် အားကျကြစေရန် အထိမ်းအမှတ်ပွဲများ ပြုလုပ်တယ်။

ဦးဝိစာရ ကိုယ်တော်ကြီးဟာ နယ်ချဲ့ သမားက ထောင်သွင်းအကျဉ်းချခံရစဉ် မတရား ဖိနှိပ်မှုများကို ကန့်ကွက်တဲ့ အနေနှင့်အစာငတ်ခံ ဆန္ဒပြခဲ့တယ် ။ရက်ပေါင်း ၁၆၆ ရက်ကြာအောင် အစာငတ်ခံ ဆန္ဒပြပြီးနောက် ပျံလွန်တော်မူသွားရှာတယ်။

၁၂၉၂ ခုနှစ် တော်သလင်းလကွယ် တနင်္ဂနွေနေ့ည ရွှေတိဂုံကုန်းတော်ပေါ်မှာ တို့ဗမာအစည်းအရုံးက ဆီမီးတစ်ထောင်ထွန်းပြီး ပျံလွန်တော်မူခဲ့တဲ့ အရှင် ဦးဝိစာရကို ဂုဏ်ပြု ပူဇော်လိုက်တယ် ။
တို့ဗမာ အစည်းအရုံးကို စတင်တည်ထောင်သူများဟာ တို့ဗမာတွေဟာ တိုင်းပြည်ရဲ့ အရှင်သခင် အစစ်တွေဖြစ်တယ် ။

အင်္ဂလိပ်တွေ ၊ နိုင်ငံခြားသားတွေဟာ အရှင်သခင် အစစ်တွေမဟုတ် ။ တို့ဗမာတွေဟာ အကြောင်းမသင့် အခါမကောင်း၍စိန်မှန်ကင်းစစ် ထင်းဖြစ်နေသလို အခိုက်အတန့်အားဖြင့် ကျွန်ဖြစ်နေရသော်လဲ သခင်သာ ဖြစ်တယ် ။ သခင်သာ ဖြစ်ရမယ်။
စသည်ဖြင့် အားတင်းတဲ့ အနေနှင့် မောင် ၊ ကို ၊ ဦး အစား သခင်ကို နာမည်ရှေ့က တပ်ကြတယ် ။

အခြားသူများကိုလဲ သခင်တပ်ပြီး ခေါ်ကြတယ် ။ ဒါကလည်း အမျိုးသားရေး လှုပ်ရှားမှုကြီး ဖြစ်လာတယ်။ အထက်ဖော်ပြပါတို့ဗမာ အမျိုးသားရေး စိတ်ဓါတ်လှုံ့ဆော်မှုများ၊ ဝါဒဖြန့် လှုပ်ရှားမှုများနှင့် ပဏာမ အစပျိုးပြီးနောက် ၊ အတန်ကြာမှ အောက်ပါအတိုင်း အဖွဲ့အစည်းအဖြစ်ဖြင့် တည်ထောင်လိုက်ကြတယ်ဗျာ ။
(၁) သခင်ဗသောင်း (၂) သခင် သိန်းမောင် - အတွင်းရေးမှူး (၃) သခင်ဗတင် (၄) သခင်ထွန်းရွှေ (၅) သခင်ဟန် (၆) သခင်လှဘော် (၇) သခင် သိန်းဟန် ။

ဒီဆောင်းပါးဟာ တို့ဗမာ အစည်းအရုံးနှင့် သခင်လှုပ်ရှားမှု သမိုင်းမဟုတ်ဘဲ ၁၉၃၀ ပြည့်နှစ် တဝိုက် မြန်မာ့နိုင်ငံရေး သမိုင်း
သာ ဖြစ်တဲ့ အတွက် ဒီမျှဖြင့် တို့ဗမာကို တစ် စခန်းရပ်လိုက်ပါတယ်ဗျာ ။
 
ဦး ယဉ်ကျေး

- ဆရာသိန်းဖေမြင့် ၏
၁၉၃၀ တဝိုက် မြန်မာပြည်နိုင်ငံရေး -
စာအုပ်ပါ တို့ဗမာ အစည်းအရုံး စတင်ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း ဆောင်းပါး။

No comments:

Post a Comment