ငြိမ်းချမ်ရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေး ဆောင်းပါး
ကျမတို့
ပြည်သူတွေကြားထဲမှာ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် တိုင်ပြည်ဆင်းရဲရတယ်
ဆိုတဲ့ စစ်အုပ်စုရဲ့ ၀ါဒဖြန့်မှုကို ရိုးသားစွာ ယုံကြည်ခဲ့ကြတယ်။
လက်တွေ့မှာလည်း စီးပွားရေး ပိတ်ဆို့လိုက်လို့ စက်ရုံတွေ ပိတ်လိုက်ရတာ၊
အထည်စက်ရုံတွေက အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ရတာ၊ တချို့ဆို မကောင်းတဲ့
အသက်မွေးဝမ်းကျောင်းမှု နယ်ပယ်တွေထဲ ရောက်သွားရတာ စသဖြင့်
တွေ့နေကြရတာဆိုတော့ စိတ်မကောင်းစွာ ခံစားရင်း ဒါဟာ စီးပွားရေး
ပိတ်ဆို့မှုကြောင့်ဆိုတဲ့ အမြင်ပိုခိုင်မာလာကြပါတယ်။
တကယ်တော့
စီးပွားရေး ပိတ်ဆို့မှုမစတင်စဉ် ကတည်းက မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှု
အနည်းဆုံးနိုင်ငံ ဖြစ်နေခဲ့ပါပြီ။ ဥရောပ ၊ အမေရိကန် စီးပွားရေး
ပိတ်ဆို့ပေမဲ့ အရှေ့တောင်အာရှ အာစီယံနိုင်ငံတွေက မပိတ်ဆို့ပါဘူး၊
ကျမတို့နိုင်ငံရဲ့ သယံဇာတ အရင်းအမြစ်တွေ ရောင်းချရငွေတွေကို ပြည်သူ့အကျိုး
မှန်မှန်ကန်ကန် အသုံးချမယ်ဆို နိုင်ငံရော ပြည်သူတွေပါ ခုလို ဆင်းရဲ
မွဲတေနေမှာ မဟုတ်ပါဘူး။
အခု ရခိုင်ကမ်းရိုးတန်းမှာ တွေ့ရှိနေရတဲ့
အိမ်နီးချင်းတရုပ်၊ ထိုင်း၊ အန္ဒိယတို့ အလုအယက်ဝယ်နေရတဲ့
ဓါတ်ငွေ့သိုက်တွေရဲ့ ပမာဏဟာ ကမ္ဘာမှာ စတုတ္ထအကြီးဆုံး၊ အာရှမှာ အကြီးမားဆုံး
သဘာဝဓါတ်ငွေ့သိုက်တွေပါ။ စင်္ကာပူလို၊ ဟောင်ကောင်လို တနိုင်ငံလုံး
(ဖွံ့ဖြိုးပြီးနိုင်ငံလို) တနေ့လုံး ထိန်ထိန်ညီး မီးမပြတ်ပေးထားပြီး
စက်ရုံအလုပ်ရုံတွေမှာ သုံးဖို့လျှပ်စစ်ဓါတ်အား အပြည့်အ၀ ပေးခဲ့ရင်တောင်
နှစ် ၆၀ အပြည့်အ၀ သုံးနိုင်မယ့် ဓါတ်ငွေ့သိုက်လိုမျိုး ဓါတ်ငွေ့သိုက် ၎
ခုတိတိ ကျမတို့ နိုင်ငံ ပိုင်ဆိုင်ထားပါတယ်။
ပြီးတော့
စီးပွားရေးပိတ်ဆို့ထားတဲ့ နိုင်ငံတွေက ဒီမိုကရေစီစနစ် ဖော်ဆောင်ရေး
လမ်းကြောင်းပေါ်ကို ရောက်ရှိလာခဲ့ရင် ပိတ်ဆို့ထားမှုတွေ ရပ်တန့်သွားမယ်လို့
ကျေညာထားပြီးဖြစ်ပါတယ်။ တကယ် တိုင်းပြည်နဲ့ တကွ ကိုယ့်ပြည်သူတွေကို
ချစ်တယ်၊ စီးပွားရေးပိတ်ဆို့တာကို ရပ်တန့်စေချင်ရင် စတင်အကောင်အထည်
ဖော်ပြရမှာက စစ်အုပ်စုပဲဖြစ်ပါတယ်။
အခု စီးပွားရေးပိတ်ဆို့မှုတွေ
အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားကို ထင်ဟပ်ပေါ်လွင်စေမယ့်
အန်တီကိုယ်တိုင်ရေး ဆောင်းပါးလေးကို တင်ပြလိုက်ပါတယ်။
အောင်မြင်သောဈေးကွက်စီးပွားရေးစနစ်ဆီသို့ ဦးတည်စေမည့် အဓိက စီးပွားရေး သော့ချက်များ
မကြာသေးမီ
သတင်းပါတ်တွေ အတွင်း သတင်းစာဆရာ အများကမေးလာ ကြတဲ့အကြောင်းတစ်ရပ်ကတော့
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စီးပွားရေးမူဝါဒတွေ အကြောင်းပါပဲ။
တစ်ယောက်နှစ်ယောက်က ဆိုရင် ကျမတို့အနေနဲ့ ဈေးကွက် စီးပွားရေးစနစ် ဆိုတာကို
အယုံအကြည်ရော ရှိရဲ့လား လို့ မေးမြန်းခဲ့ကြပါတယ်။ ဒါကိုကြည့်ခြင်း
အားဖြင့် ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က ၁၉၉၀ ခုနှစ်
ရွေးကောက်ပွဲအတွက် ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်တွေအကြောင်း သိရှိသူ
နိုင်ငံခြားသားအနည်း အကျဉ်းပဲရှိ မယ်ဆိုတာ တွက်လို့ရနိုင်ပါတယ်။
ဒီကြေညာချက်ကို အင်္ဂလိပ်လို ဘာသာပြန်ထားတာ လည်းမရှိတဲ့ အတွက် ကြေညာချက်
ရှိခဲ့ကြောင်းသိတဲ့ နိုင်ငံခြားသားတွေ အတွက်တောင် ကြေညာချက် ထဲမှာ
ဘာတွေပါလဲ ဆိုတာကို အတိအကျသိကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် လောလော ဆယ်
အားဖြင့်တော့ သတင်းလောကက သိချင်နေတာတွေလဲ ပြောကြားသွားပြီး ဖြစ်အောင်
အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရဲ့ စီးပွားရေးမူဝါဒနဲ့ ပါတ် သတ်ပြီး အချက်
(၁၁) ချက်နဲ့ သဘောထား ကြေညာစာတမ်း ထုတ်ပြန်ထားခဲ့တာကို
ပြန်ပြီးဖော်ပြလိုပါတယ်။ အဲဒါတွေကတော့-
(က) ကုန်ဈေးနှုန်း၊
ငွေကြေးနဲ့ အလုပ်အကိုင် များ တည်ငြိမ်မှုကို ဦးစားပေး ဆောင်ရွက်ရမယ်။
ပြည်တွင်းငွေကြေးကို ပြည်သူအများက ယုံကြည်စိတ်ချ အောင် ဆောင်ရွက်မည်။
(ခ) သင့်တင့်လျောက်ပတ်သော ဘဏ္ဍာရေး မူဝါဒနှင့် ငွေကြေးမူဝါဒတို့ကို ချမှတ်၍ အစိုးရ ဘတ်ဂျတ်ကို ပိုင်နိုင်စွာ ကွပ်ကဲဆောင်ရွက် မည်။
(ဂ) မြန်မာငွေနှင့် နိုင်ငံခြားငွေများ လဲလှယ် ရေးနှုန်းကို ပြန်လည်သုံးသပ်၍ လိုအပ်သလို ပြင်ဆင်သွားပါမည်။
(ဃ)
အားဖြည့်လောင်စာ၊ ပို့ဆောင်ရေး ယာဉ်၊ ကုန်ဈေးနှုန်း ကျဆင်းရေး အတွက်
အထောက်အကူပြုမည့် ပစ္စည်းများကို ဦးစား ပေးသွင်းကုန်များ အဖြစ် တင်သွင်း
မည်။
(င)နိုင်ငံခြားပို့ကုန်အမျိုးအစား စုံအောင်ကြိုးပမ်းမည်။
(စ)နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများဆထက်ထမ်းပိုး
တိုးပွား လာစေရန် အလို့ငှာ နိုင်ငံခြားရင်းနှီး မြုပ်နှံမှု ဥပဒေကို
ပြန်လည်သုံးသပ်၍ ပြင်ဆင်ပေး မည်။
(ဆ)နိုင်ငံခြားကြွေးမြီများ လျော့ပါးရေးနှင့် အကူအညီများထပ်မံရရှိရေးကို ကြိုးပမ်းမည်။
(ဇ)စီးပွားရေးလုပ်ငန်းတို့ကို
ချုပ်ချယ်ထား သော ဥပဒေများ၊ အမိန့်များ၊ စည်းမျဉ်းများ နှင့်
တခြားကန့်သတ်ကွပ်ကဲမှုတို့ကို ပြန် လည်သုံးသပ်၍ ပြင်ဆင်တန်ပြင်ဆင်၊ ဖျက်
သိမ်း တန်ဖျက်သိမ်း ဆောင်ရွက်မည်။
(ဈ) ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအတွက် အကျိုးရှိအောင် လက်ရှိအခွန် စနစ် အရပ်ရပ် ကို ပြန်လည်သုံးသပ်၍ ပြင်ဆင်မည်။
(ည)
စီးပွားရေးအစိတ်အပိုင်း အသီးသီးသည် ဈေးကွက် စီးပွားရေးကို တင်းပြည့်
ကျပ်ပြည့် အခြေခံကြရမည်။ အထူးသဖြင့် ပုဂ္ဂလိကပိုင်စီးပွားရေး ကို အလျင်အမြန်
ဖွံ့ဖြိုးတိုးတက်အောင် အားပေးမည်။
(ဍ) ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ပိုမို တိုးတက်အားပေးသွားပြီး အဆင်ပြေ ချောမွေ့ပြေပြစ်အောင် ဆောင်ရွက်မည်။
စီးပွားရေးဆိုင်ရာ
ရည်မှန်းချက် တွေကို ဒီလိုချပြလိုက်ဖို့က လွယ်ပါတယ်။ လုပ်ငန်းစဉ်တွေကို
ဘယ်လိုအကောင်အထည် ဖော်ယူနိုင်မလဲ ဆိုတာဘဲ မေးစရာ ပြဿနာ တစ်ခုပါ။ အဲဒီမှာ
UNDP ကုလသမဂ္ဂဖွံ့ဖြိုး ရေးအစီအစဉ်ကို မြန်မာ့စီးပွားရေးနဲ့
ပတ်သတ်ပြီး အစီရင်ခံစာ တင်သွင်းခဲ့တဲ့ ဟားဗတ်စ်တက္ကသိုလ် အပြည်ပြည်ဆိုင်ရာ
ဖွံ့ဖြိုးရေးဌာနရဲ့ သုတေသနပညာရှင် ဒေါက်တာဒေးဗစ်ဒါပိစ်ရဲ့ အယူအဆတွေ ဟာ NLD
ရဲ့ သဘောထားတွေနဲ့ အတော် ဆင်တူတာကို သွားတွေ့ရပါတယ်။
Prospects for
Sustainable Growth in Myanmar ဆိုတဲ့စာတမ်းမှာ ဒေါက်တာ ဒါပိစ် က
စီးပွားရေး ပြုပြင်ပြောင်းလဲရေး ဆိုတာဟာ အတိုးနှုန်း တွေ သတ်မှတ်ယုံ၊
ငွေကြေးလဲလှယ် နှုန်းတွေ သတ်မှတ်လိုက်ယုံတင်မကပါ ဘူး။ ဒီမူဝါဒတွေဟာ ဘယ်ဆီကို
ဦးတည်နေသလဲ ဆိုတာနဲ့အတူ အားကိုး အားထားပြုနိုင် လောက်အောင်
ခိုင်ခိုင်မာမာရှိမှု၊ အယုံအကြည်ရှိမှု၊ ဒီအချက်တွေ ခြုံငုံပြီး
ပါဝင်ရမှာဖြစ် တဲ့အပြင် လုပ်ငန်းစဉ်တိုင်း လိုလိုဟာ မှန်ကန်တဲ့ ဦးတည်မှု
လမ်းကြောင်းမှာ ရှိနေမှာဖြစ်တယ်လို့ သုံးသပ် တင်ပြထား ပါတယ်။ အားကိုးအားထား
ပြုနိုင်လောက်အောင် ခိုင်ခိုင် မာမာရှိမှုနဲ့ အယုံအကြည် ရယူနိုင်မှုဆို တာဟာ
ကောင်းမွန်တဲ့ စီးပွားရေး လုပ်ငန်းတိုင်း အတွက် အခြေခံပါတယ်။ ဒါကြောင့်
အောင် မြင်တဲ့ဈေးကွက် စီးပွားရေးလုပ်ငန်းစဉ် တစ်ရပ်ကို တည်ဆောက်ဖို့
လိုတယ်ဆိုရင် ဒီအချက် ကိုပဲ ပထမဆုံး အခြေခံထူထောင် သွားရမှာ ဖြစ်ပါတယ်။
စီးပွားရေး
ဖွံ့ဖြိုးမှုအတွက် အရေး အပါဆုံးဟာ ဥပဒေစိုးမိုးမှု အပေါ်မှာ အခြေခံအဖြစ်
တည်ဘို့ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယုံကြည်ထားတာ ဟာလဲ
ဒီအကြောင်းကြောင့် ဖြစ်ပါတယ်။ ဒေါက်တာဒါပိစ်ရဲ့ ရေးသားချက် တွေကိုထပ်ပြီး
ကိုးကား ဖော်ပြရမည်ဆိုရင် အရေးပါပြီး ပြန်လည်ပြုပြင်ရန် ခက်သည့်
စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး ပြဿနာ များဆိုပြီး သူက မြန်မာနိုင်ငံ
အတွင်း ဖြစ်နေတဲ့ အခြေအနေတွေကို ပြန်လည် ပြောင်းလဲ ယူနိုင်ရေးအတွက်
ထိရောက်မှုရှိတဲ့ ဥပဒေ စနစ်တစ်ရပ်နဲ့ အတူ ပြည်သူလူထုက ဘဏ်တွေ မှာ
ငွေတွေထည့်ဝင် စုဆောင်းရဲလာအောင် အနာဂတ်အတွက် ရင်းနှီးမြုပ်နှံမှုတွေလုပ်ရဲ
လာအောင် ယုံကြည်မှုတွေ ဖြစ်စေမယ့် မူဝါဒတွေ နှင့် လုပ်ငန်းဌာနတွေ
ထူထောင်ပေးဖို့လဲ လိုအပ်တယ်လို့ ရေးသား ထားတာကို တွေ့ ရပါတယ်။
မြန်မာနိုင်ငံအတွင်း
ရင်းနှီးမြုပ်နှံမှုတွေ အပေါ် ဘယ်လို သဘောထားရှိသလဲ လို့ ကျမကို မေးလာကြတဲ့
အခါမှာတော့ ဒီအချိန်ဟာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဖို့ အချိန်
မဟုတ်သေးဘူးလို့ဘဲ ပြောကြားခဲ့ ပါတယ်။ ဒါဆိုရင် အခုရင်းနှီး
မြုပ်နှံကြစို့ဆိုတဲ့အစား တခြား မည်သည့် နည်းလမ်းများ ရှိလဲလို့ပြန်လည်
မေးခွန်း ထုတ်လာကြသူတွေ ကိုတော့ အနာဂတ် ရေးအတွက် ရင်းနှီးမြုပ်နှံရေး
ဖြစ်တယ်လို့ ကျမ ဖြေခဲ့ပါတယ်။ သဘောကတော့ ကိုယ်ကျိုး တစ်ခုတည်း ကြည့်မယ်
ဆိုရင်တောင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး အတွက် အရင်းအနှီး စိုက်ထုတ်
ပေးကြပါလို့ ဆိုလိုတာပါ။ ဒီမိုကရေစီစနစ် ထွန်းကားလာတဲ့မြန်မာ နိုင်ငံဟာ
စီးပွားရေး အရ နိုးကြားတက်ကြွပြီး တည်ငြိမ်တဲ့ မြန်မာနိုင်ငံ လဲ ဖြစ်မှာ
အမှန်ပါဘဲ။
(အောင်ဆန်းစုကြည်)



No comments:
Post a Comment