Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Saturday, December 7, 2013

အသေထွက် ကျော်သူ



https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-prn2/960205_10152004896426698_1268719034_n.jpg


“ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ် ချမ်းသာအောင်လုပ်” ၊ “ဘကွန်းကို မနှောက်ယှက်နဲ့၊ နှောက် ယှက်ရင် ဒီ… ဝါးရင်းတုတ်နဲ့တွေ့မယ်” ၊ “ကျူးကျော်စော်ကားလာသူတို့ကို ဖြောင်းဖျပြောဆိုနေလို့ အလကားဘဲ၊ မိမိရရ ရိုက်နှက်ဆုံးမခြင်းသာ အကောင်းဆုံးဘဲ” ၊ “တူ ဖြစ်ခဲ့တုန်းက သူများတကာကို ထုခဲ့ ပြီးတော့၊ ပေ ဖြစ်တဲ့အခါ ခံနိုင်ရည်ရှိမှ ယောင်္ကျားပီသတယ်” ၊ “လူက ကျားကိုသတ်တော့ အမဲလိုက် တယ်တဲ့၊ ကျားက လူကိုကိုက်တော့ ကျားဆိုးတယ်တဲ့” စသည့်စကားလုံးများ၊ ဒဿနများဖြင့် ပြည်သူ လူထုတို့၏ နှလုံးသားအားဆွဲကိုင်လှုပ်ခဲ့သော ကျွန်တော်၏ ကျေးဇူးရှင် အဘဆရာကြီး မင်းသိင်္ခ၏ ပုဏ္ဍား ဘကွန်းဝတ္ထုအား ကျွန်တော်ကိုယ်တိုင် ဒါရိုက်တာလုပ်၍ ကျွန်တော်၏ဖခင် ဦးစိန်တင်၏ အမျိုးသားရုပ်ရှင် ကုမ္ပဏီအတွက်ရိုက်ကူးခဲ့သော ကျော်သူ၊ ထက်ထက်မိုးဦး၊ စိုးမြတ်နန္ဒာ၊ ဇာဂနာ၊ ဇော်ဦးတို့ ပါဝင်သရုပ် ဆောင်ခဲ့သည့် “ပုဏ္ဍားဘကွန်း” ရုပ်ရှင်ဇာတ်ကားကြီးတွင် တေးရေး နိုင်မြန်မာ ၏ ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေသော စကားလုံးများဖြင့် ပုဏ္ဍားဘကွန်း၏ အနစ်နာခံပေးဆပ်မှုများအား ရေးဖွဲ့ထားသော သီချင်းသည်လည်း ကျွန်တော်၏ဘဝနှင့် ရုပ်ရှင်ကြည့်ပရိသတ် ပြည်သူလူထုတို့အား အားမာန်အပြည့် ဖြည့်တင်းပေးနိုင်ခဲ့သော သီချင်းတစ်ပုဒ်လည်းဖြစ်ခဲ့သည်။

“ဖြတ်ခနဲပေါ် ဆတ်ခနဲလုပ်” ဟူသော စကားလုံးသည်လည်း ကျွန်တော်၏ဘဝ တစ်ဆစ်ချိုးကို ပြောင်းလဲပစ်နိုင်သော အဖိုးတန် ဒဿနတစ်ခုဖြစ်ခဲ့သည်။ ယင်း စကားလုံးသည်လည်း ကျေးဇူးရှင် အဘ ဆရာကြီး မင်းသိင်္ခ၏ “သူတော်စင်မလေးပုဏ္ဍရိက” ဝတ္ထုထဲတွင် ပါဝင်သောစကားလုံးဖြစ်သည်။ ယင်း “သူတော်စင်မလေးပုဏ္ဍရိက” ဝတ္ထုအားလည်း ကျွန်တော်ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး မင်းသမီး ထွန်း အိန္ဒြာဗိုလ် ဖြင့်ရိုက်ကူး၍ အောင်မြင်ခဲ့သည့် DVD ဇာတ်ကားတစ်ကားဖြစ်သည်။ ယင်းဇာတ်ကား၏ ဇာတ်ဝင်တေးသီချင်းအားလည်း တေးရေးဆရာ နိုင်မြန်မာမှ ရေးဖွဲ့ပေးခဲ့သည်။ ထို့အပြင် မြန်မာ့ရုပ်ရှင် လောကတွင် အကယ်ဒမီဆု (၇)ဆု ရရှိခဲ့သော ကျွန်တော် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပြီး ကျွန်တော်၏ ဖခင်ကုမ္ပဏီဖြစ်သော အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးခဲ့သော “အမေ့နို့ဖိုး” ရုပ်ရှင်ဇာတ်ကားကြီး ၏ မိဘမေတ္တာ သရုပ်ဖော်သည့် တေးသီချင်းအားလည်း တေးရေး နိုင်မြန်မာမှ သီကုံးရေးဖွဲ့ပေးခဲ့သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံ၏ အပြောင်းအလဲ ခေတ်သမိုင်းဝင်ခဲ့သော (၈၈) အရေးအခင်းကာလမှ စ၍ ယနေ့တိုင် ဂန္တဝင်ကျောင်းသားသီချင်းဖြစ်သည့် “ကမ္ဘာမကြေဘူး” သီချင်းကြီးအားလည်း ကိုယ်တိုင် ပြည်သူလူထုနှင့် ထပ်တူခံစား၍ ရေးဖွဲ့ခဲ့သူသည်လည်း တေးရေးဆရာ နိုင်မြန်မာ ဖြစ်တော့သည်။

ထိုထိုသော တန်ဖိုးမဖြတ်နိုင်သော ဂန္တဝင်သီချင်းများအား ရေးဖွဲ့ခဲ့သည့် အစ်ကိုကြီးဖြစ်သူ နိုင်မြန်မာနှင့် ကျွန်တော် မဆုံစည်းခဲ့ရသည်မှာ (၁ဝ) နှစ်ကျော်ခဲ့ပြီဖြစ်သည်။ ယခု ကျွန်တော်ကိုယ်တိုင် လူမှုရေးသမားတစ်ယောက် ဖြစ်လာသော အချိန်ကာလတွင် ကျွန်တော်သည်လည်း လူမှုရေးသမားများ၏ ခံစားချက်များ၊ ပြည်သူလူထုတို့၏ဘဝများနှင့် ထပ်တူကျကာ ပြည်သူလူထုကိုယ်စား၊ လူမှုရေးအသင်းအဖွဲ့ များ ကိုယ်စားရေးသားခဲ့ဖူးသော ဆောင်းပါးများ၊ အင်တာဗျူးများအားပေါင်းစီး၍ ထုတ်ခဲ့သော “ကျွန်တော် သာ သမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ်ဟူ၍ ပဉ္စဂံစာပေတိုက်မှ ထုတ်ဝေခဲ့သည်။ ယင်း “ကျွန်တော်သာ သမ္မတ ကြီးဖြစ်ခဲ့ရင်” စာအုပ်အား ကျွန်တော်၏ အသက် (၅၄) နှစ်မြောက် မွေးနေ့အဖြစ် မိတ်ဆက်ပွဲ ကျင်းပခဲ့ရာ ကျွန်တော်၏ မိတ်ဆွေဟောင်းများ၊ ကျေးဇူးရှင်များ၊ နိုင်ငံဂုဏ်ဆောင်ပုဂ္ဂိုလ်များနှင့် စာပေပညာရှင်များ အား ဖိတ်ကြားခဲ့ရာတွင် တေးရေးဆရာ နိုင်မြန်မာ ပါဝင်ခဲ့သည်။ ထိုအချိန်တွင် တေးရေးဆရာ နိုင်မြန်မာ သည် ကျန်းမာရေးကြောင့်
ကြွရောက်နိုင်ခြင်း မရှိခဲ့ချေ။ ကျွန်တော်သည်လည်း ထိုစာအုပ်မိတ်ဆက်ပွဲအပြီး ကချင်ပြည်နယ်၊ ပဲခူးတိုင်း(အနောက်ခြမ်း)၊ ကရင်ပြည်နယ်များသို့ ဗြဟ္မစိုရ်ခြေလှမ်း ပရဟိတဟောပြောပွဲ ဖိတ်ကြားထားသည့်အတွက် မအားလပ်ခဲ့ချေ။ ကျွန်တော်ရန်ကုန်မြို့သို့ ၂၈.၁၁.၂ဝ၁၃ ရက်နေ့ ညအချိန် တွင် ပြန်လည်ရောက်ရှိခဲ့ပြီး နားချိန်မရှိ အများအကျိုးကိစ္စရပ်များအား လုပ်ကိုင်ခဲ့ရာ ယနေ့ ၃ဝ.၁၁.၂ဝ၁၃ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်ခန့်တွင် ကျွန်တော်ထံ အစ်ကိုကြီးဖြစ်သူ တေးရေး နိုင်မြန်မာ ရောက်ရှိ လာခဲ့တော့သည်။ ကျွန်တော့်အား “ကျုပ်တို့လူကြီး (ကိုကျော်သူ) ၅၄ နှစ်ပြည့် မွေးနေ့အမှတ်တရ” ဟု ရေးသားထားသော “အသေထွက်” ဟူသော ကဗျာတစ်ပုဒ်အား မွေးနေ့လက်ဆောင်အဖြစ် လာရောက်ပေး ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဂန္တဝင် တေးရေး နိုင်မြန်မာ ရေးဖွဲ့ပေးထားသော “အသေထွက်” ဟူသော ကဗျာ အား အများပြည်သူတို့ထံသို့ ကျွန်တော်ချပြမိပါတော့သည်။


အသေထွက်

လူနဲ့လူချင်းတောင်မှ
အင်အားနဲ့နင်းခြေ
အာဏာတွေနဲ့ အော်ငေါက်
ဓနငွေနဲ့ ပစ်ပေါက်ပြီး
ချော့တစ်ခါ ခြောက်တစ်လှည့်မို့
သူရို့တွေ ခြေဖဝါးအောက်
ရောက်မြဲတိုင်း ဘဝတွေ

အခုတော့ဖြင့် “ပြီးပါပြီ”… လေ
ကမ္ဗည်းစာတွေကို ကဗျာတွေစီလို့
ငါမသေမီ ရောက်အောင်ပို့ခဲ့မယ်
ချို့ငဲ့သူတွေ …

ဘယ်သူသေသေ
“ဒူဝေဝေ”… ကြေးစည်ထုပါလို့
သွားလေသူတို့ရဲ့ နောက်ဆုံးခရီးမှာ
အတန်တန်ကြီးသာ… မှာလိုက်ချင်ရဲ့
သည်းခြေမဲ့ သတ္တဝါတွေလို
နင်တို့တွေ အမှတ်မရှိ
နောက်တစ်ခါ ပြန်မလာမိကြစေနဲ့
မခင်တွယ်လေနဲ့တော့… ဒီတိုင်းပြေ

နာကျည်းစရာတွေနဲ့သာ ပြည့်နှက်လို့
အဲဒီလူတွေလက်အောက်က
အသေထွက်ရရှာတဲ့ ဘဝတွေ
လွတ်ရာကိုသာ သွားကြပေတော့
နင်တို့တွေ သေလို့ပြီးတဲ့နောက်
ငါ့အလှည့်ရောက်တဲ့အခါ
မငဲ့မညှာ
ဆက်ဆက်သာ.. လိုက်လာခဲ့မှာမို့
ကြေးစည်ကိုသာ… နာနာထုပါလို့
ငါတို့လူ.. ကျန်သူတချို့ရယ်က
တစ်လှည့်… ငါ့ကိုပို့ ။


နိုင်မြန်မာ
၂၉ နိုဝင်ဘာ ၂ဝ၁၃
(ကျုပ် တို့ လူ ကြီး “ ကို ကျော် သူ ” ၅ ၄ နှစ် ပြည့် မွေး နေ့ အ မှတ် တ ရ)

No comments:

Post a Comment