ဦးဇင်းတို့ လူဝတ်ကြောင်ဘဝ ငယ်ငယ်တုန်းက တက္ကသိုလ်အေးမောင်ရဲ့
‘ဘယ်ပန်းချီရေးလို့မမီ’ သီချင်းကို အရူးအမူး စွဲလမ်းခဲ့ဖူးပါတယ်။
အဲဒီသီချင်းများ ရေဒီယိုက မလာလိုက်နဲ့၊ အသက်ရှူဖို့မေ့သွားမတတ် ရှိရှိသမျှ
သမာဓိတွေကို သီချင်းဆီ စုပြုံပို့ပြီ
နှစ်နှစ်ခြိုက်ခြိုက်နားထောင်တော့တာပါပဲ။ ငယ်ဘဝရဲ့ တသသသီချင်းတွေထဲမှာ
အဲဒီသီချင်းလည်း ထိပ်ဆုံးကပါတာပေါ့။ မိဘမေတ္တာနဲ့ ပတ်သက်တဲ့ သီချင်းဆိုရင်
ကလေးတိုင်း ကြိုက်ကြတာပဲ မဟုတ်လား။
မိဘမေတ္တာကို ဖွဲ့ဆိုတဲ့ သီချင်းတွေ၊ ဇာတ်လမ်းတွေဟာ သားသမီးတွေကို
မိဘမေတ္တာနားလည်စိတ်၊ မိဘကျေးဇူးဆပ်လိုစိတ် ထက်သန်လာအောင်
လှုံ့ဆော်တဲ့နေရာမှာ စာပေထက်တောင် ပိုပြီးထိရောက်ပါတယ်။ အနုပညာရသပါတဲ့အတွက်
သားသမီးတွေရဲ့ ရင်ထဲကို စွဲစွဲနစ်နစ် ဝင်ရောက်သွားလို့ပါ။ အဲဒီအတွက်
သက်ဆိုင်ရာ အနုပညာရှင်များကို အထူးကျေးဇူးတင်မိပါတယ်။
ဒါပေမယ့် ကိုယ်ဖန်တီးလိုက်တဲ့ မိဘမေတ္တာဖွဲ့ အနုပညာပစ္စည်းထဲမှာ မှားယွင်းတဲ့
အချက်အလက်တွေ၊ လွဲချော်တဲ့ အတွေးအခေါ်တွေပါနေရင်တော့ အဲဒီအချက်အလက် ၊
အဲဒီအတွေးအခေါ်ကို အမှနလို့ သတ်မှတ်သွားသူတွေရဲ့ အသိမှား၊ အမှတ်မှားမှုဟာ
ကိုယ်ပေးလိုက်တဲ့ အကုသိုလ်အစိုင်အခဲကြီးဖြစ်နေတာမို့ ကိုယ်လည်း
အကုသိုလ်ရှယ်ယာ ဝေစုခွဲပြီးသား ဖြစ်သွားပါတယ်။
မိဘမေတ္တာအကြောင်းရေးကြ၊ ဖွဲ့ကြပြီဆိုရင် ဗုဒ္ဓစာပေ(ပိဋကတ်တော်)ထဲက
အဆုံးအမတွေ၊ အချက်အလက်တွေကို အများဆုံး ကိုးကားကြတာ တွေ့ရပါတယ်။
ဗုဒ္ဓစာပေနဲ့ မိဘမေတ္တာ၊ မိဘမေတ္တာနဲ့ ဗုဒ္ဓစာပေ ခွဲခြားလို့ောတင်မရပါဘူး။
‘မိဘကျေးဇူး သိရမယ်၊ ဆပ်ရမယ်’ လို့ပြောလိုက်ရင်ကိုပဲ ‘ဒါဘာသာရေးအဆုံးအမ၊
ဒါဗုဒ္ဓလမ်းညွှန်ချက်’ လို့တောင် သတ်မှတ်နားလည်လိုက်ကြတဲ့အထိပါပဲ။
ဗုဒ္ဓစာပေကိုမှီငြမ်းတဲ့ မိဘမေတ္တာဖွဲ့တွေမှာ ‘မြတ်စွာဘုရားရှင်တောင်မှ
မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေအောင် ဆပ်နိုင်ခဲ့တယ်’
ဆိုတဲ့အချက်ကို တွေ့ရတော့ သိပ်ကို အံ့သြမိပါတယ်။
ပိဋကတ်တော်တွေမှာမပါတဲ့ အကြောင်းအရာတစ်ခုကို ပါသလိုလို ရေးသားပြောဆိုတာဟာ
အရမ်းအရမ်းကို အပြစ်ကြီးပါတယ်။ ’နို့တစ်လုံးဖိုးပဲ ကျေတယ်’ ဆိုတဲ့အချက်ကို
မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်လည်းဟောကြားတော်မမူခဲ့သလို အဌကထာဆရာ၊
ဋီကာဆရာတွေကလည်း ဖွင့်ဆိုတော်မမူခဲ့ကြပါဘူး။
သားသမီးတွေအပေါ်မှာ
မိခင်ကျေးဇူးကြီးမားတာ မှန်ပါတယ်။ ဒါပေမယ့် မိခင်ကို
အမွှန်းတင်ချင်လွန်းတာနဲ့ မြန်စွာဘုရားရှင်ကို ပုတ်ခတ်စော်ကားသလို
ဖြစ်သွားတာကတော့ လုံးဝမသင့်တော်ပါဘူး။ ‘ဘုရားတောင်မှ မိခင်ကျေးဇူး
နို့တစ်လုံးဖိုးပဲ ကျေတယ်’ လို့ပြောတဲ့သူဟာ
ဘုရားကိုလည်းစော်ကားရာရောက်သလို၊ တရားကိုလည်း ဖျက်ဆီးရာရောက်ပါတယ်။
‘သာသနာဖျက်တဲ့သူ’ လို့တောင် ပွင့်ပွင့်လင်းလင်းပြောနိုင်တဲ့အထိ
အကုသိုလ်ကြီးပါတယ်။
‘မြတ်စွာဘုရားရှင်ဟာ မိခင်ကျေးဇူးကို နို့နှစ်လုံးဖိုးလုံး
ကျေအောင်ဆပ်နိုင်ခဲ့ပါတယ်၊ မြတ်စွာဘုရားရှင်မှာ မိခင်အပေါ် နို့ဖိုးအကြွေး
လုံဝမကျန်တော့ပါဘူး’ ဆိုတဲ့ မိန့်ဆိုရေးသားချက် ပိဋကတ်တော် (ထေရဝါဒ
ဗုဒ္ဓစာပေ)မှာ အခိုင်အမာ အထင်အရှားရှိပါတယ်။
ပါဠိတော်မူရင်းကတော့ ‘ဗန္ဓနာရက္ခနေ မယှံ၊ အနဏောတွံ မဟာမုနေ’ ပါ။
(စာမျက်နှာအညွှန်းနဲ့၊ ပါဠိတော် အနက်ကို ဆောင်းပါးအဆုံးမှာ
ဖော်ပြပေးထားပါတယ်။)
မိထွေးတော် ဂေါတမီထေရီမကြီး ပရိနိဗ္ဗာန်ဝင်စံခါနီး (သေလွန်ခါနီး)မှာ
မြတ်စွာဘုရားရှင်ကို စကားများများ လျှောက်ထားသွားခဲ့ပါတယ်။
အဲဒီလျှောက်ထားချက်များစွာထဲက တစ်ခုကတော့ မြတ်စွာဘုရားရှင်ရဲ့
‘နို့ဖိုးကြွေး’ နဲ့ ပတ်သက်နေပါတယ်။ လျှောက်ထားပုံက ဒီလိုပါ။
‘မြတ်စွာဘုရား . . . ၊
အရှင်ဘုရားကို တပည့်တော်က လောကနို့ရည် တိုက်ကျွေးပြီး အရှင်ဘုရားရဲ့ ရူပကာယ
(ရုပ်ကိုယ်ထည်) ကြီးထွားလာအောင် မွေးမြူခဲ့ရတဲ့အတွက် တပည့်တော်က
အရှင်ဘုရားရဲ့ မယ်တော်ကြီး (မိခင်) ဖြစ်ပါတယ်’
တပည့်တော်ကို အရှင်ဘုရားက ဓမ္မနို့ရည် တိုက်ကျွေးပြီး တပည့်တော်ရဲ့ ဓမ္မကာယ
(တရားကိုယ်ထည်) ကြီးထွားလာအောင် မွေးမြူခဲ့ရတဲ့အတွက် အရှင်ဘုရားဟာ
တပည့်တော်ရဲ့ ခမည်းတော်ကြီး (ဖခင်) ဖြစ်ပါတယ်။
‘တပည့်တော်တိုက်ကျွေးခဲ့တဲ့ လောကနို့ရည်က ဆာလောင်မွတ်သိပ်ခြင်းကို
တဒင်္ဂတစ်ခဏပဲ ငြိမ်းအေးပြေပျောက်စေနိုင်ပါတယ်။ အရှင်ဘုရားတိုက်ကျွေးခဲ့တဲ့
ဓမ္မနို့ရည်ကတော့ ဆာလောင်မွတ်သိပ်ခြင်းကို အမြဲထာဝရ
ငြိမ်းအေးပြေပျောက်စေနိုင်ပါတယ်။’
‘မြတ်စွာဘုရား . . . အရှင်ဘုရားဟာ တပည့်တော်ကို
ကိလေသာအနှောင်အဖွဲ့အားလုံးမှ လွတ်မြောက်အောင် စောင့်ရှောက်
ကယ်တင်နိုင်ခဲ့သောကြောင့် တပည့်တော်အပေါ်မှာ အရှင်ဘုရား နို့ဖိုးကြွေး လုံးဝ
မကျန်တော့ပါ။ မယ်တော်ကျေးဇူးကို နို့နှစ်လုံးဖိုးလုံး ကျေအောင်
ဆပ်နိုင်ခဲ့ပြီးပါပြီဘုရား’
ဒကာမိုးကျော်သူရေ . . .
မိထွေးတော်ဂေါတမီ ထေရီမကြီးရဲ့ ‘နို့ဖိုးကြွေးရှင်းတမ်း’ လျှောက်ထားချက်ကို
မြတ်စွာဘုရားရှင်က ငြင်းဆန်ခြင်းလုံးဝမပြုဘဲ လက်ခံတော်မူခဲ့တဲ့အတွက်
အဲဒီလျှောက်ထားချက်သည်ပင်လျှင် မြတ်စွာဘုရားရှင်ရဲ့
မိန့်ကြားတော်မူချက်ပါပဲ။
တကယ်လို့သာ နို့ဖိုးကြွေးမကျေဘူးဆိုရင် ‘ဟဲ့ . . . ဂေါတမီ၊ သင်လျှောက်ထားတာ
မှားနေတယ်၊ မိခင်ကျေးဇူးကို ငါဘုရား နို့နှစ်လုံးဖိုး
ကျေအောင်မဆပ်နိုင်ဘူးကွဲ့၊ နို့တစ်လုံးဖိုးပဲ ကျေအောင်ဆပ်နိုင်တယ်’ လို့
မြတ်စွာဘုရားရှင်က စကားပြင်ပြောမှာပေါ့။ အခုတော့ အဲဒီလို
စကားပြင်ပြောခဲ့တာမှ မဟုတ်ဘဲ၊ ဆိတ်ဆိတ်နေပြီ လက်ခံတော်မူခဲ့တာပါ။
ဆာလောင်မွတ်သိပ်ခြင်းဆိုတာ ‘တဏှာ’ ပါ။ ‘လောကနို့ရည်’ က နို့ဆာတဲ့ တဏှာကိုပဲ
ပယ်ဖျောက်ပေးနိုင်ပါတယ်။ (ဒါတောင်မှ တဒင်္ဂပါ။ အချိန်တန်တော့
ပြန်ဆာလာတာပါပဲ။) တခြားဆာတဲ့ တဏှာတွေကိုတော့ ပယ်ဖျောက်မပေးနိုင်ပါဘူး။
နို့စို့အရွယ်မှာတောင် ဟိုလူ့မြင်ချင်၊ ဒီလူ့မြင်ချင် ၊ ဟိုဟာစားချင်၊
ဒီဟာသောက်ချင်နဲ့ ဆာလောင်မွတ်သိပ်မှုမျိုးစုံ (လိုချင်နှစ်သက် တပ်မက်
သာယာမှုမျိုးစုံ) တိုးပွားနေပါတယ်။
နို့ပြတ်သွားပြီဆိုတာနဲ့ တစ်ရက်ထက်တစ်ရက်၊ တစ်လထက်တစ်လ၊ တစ်နှစ်ထက်
တစ်နှစ်၊ ဆာလောင်မှုတဏှာတွေ တိုးတိုးလာပါတယ်။ အဲဒီလိုတိုးလာအောင်လည်း
မိခင်ကိုယ်တိုင်ကလည်း သင်ကြားပေးတာပါ။ ‘သားသား ဒီမုန့်လေးကကောင်းတယ်နော်၊’
‘မီးမီး ဒီအရုပ်လေးက လှတယ်နော်’ ဆိုတာမျိုါ်တွေ အစပြုလို့ပေါ့။
အသက်ကြီးလေ အဆာတိုးလေနဲ့
တဏှာကြီးကြီးလာလိုက်တာ ‘နွားကြီးလေ၊ ချိုရှည်လေ’ ဖြစ်တော့တာပါပဲ။ အဆင်း၊
အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ အာရုံငါးပါး ကာမဂုဏ်တရားတွေကို
ဆာလောင်မွတ်သိပ်တဲ့ တဏှာကို ‘လောကနို့ရည်’ လို့ခေါ်တဲ့ ‘မိခင်နို့ရည်’ က
ဘယ်နည်းနဲ့မှ ဖြေဖျောက်မပေးနိုင်ပါဘူး။ (မိခင်ကျေးဇူး ရှုထောင့်နှင့်
ရောထွေးမပစ်ပါနှင့်။)
‘သစ္စာလေးပါး မြတ်တရား’ ဆိုတဲ့ ‘ဓမ္မနို့ရည်’ ကတော့ ဆာလောင်မွတ်သိပ်မှု
တဏှာအားလုံးကို အကြွင်းမဲ့ ပယ်ဖျောက်ပေးနိုင်ပါတယ်။ သစ္စာလေးပါးကို
အရဟတ္တမဂ်နဲ့ ထိုးထွင်းသိမြင်ပြီးလို့ ရဟန္တာဖြစ်သွားပြီဆိုရင်
ဘယ်အရာကိုမှဆာလောင်မွတ်သိပ်မှု မရှိတော့ပါဘူး။ အာရုံအားလုံး၊ ဘဝအားလုံး
ဘာကိုမှ သာယာနှစ်သက် တပ်မက်တွယ်တာမှု မရှိတော့တဲ့အတွက် တဏှာအဆာဓါတ်အားလုံး
အပြီးတိုင် ချုပ်ငြိမ်းပြေပျောက်သွားပါပြီ။
ရဟန္တာအဆင့်ထိ မရောက်တောင်မှ သစ္စာတရားကို သူ့အဆင့်နဲ့သူ သိတဲ့သူဟာ
သူအတိုင်းအတာနဲ့သူတော့ တဏှာအဆာဓါတ် လျော့ပါးသက်သာပါတယ်။
ပုထုဇဉ်အဆင့်ကိုကျော်လွန်ပြီး အောက်ထစ်ဆုံး သောတာပန်အရိယာအဆင့်ကို
ရောက်သွားတယ်ဆိုရင်ပဲ သိပ်မကြာလှတော့တဲ့တစ်ချိန်မှာ ရဟန္တာဖြစ်ဖို့
သေချာသွားပြီ ဖြစ်တဲ့အတွက် မိခင်ကို သောတာပန်ဖြစ်အောင် ‘ဓမ္မနို့ရည်’
တိုက်ကျွေးပေးတဲ့ သူတော်ကောင်းဟာ မိခင်ကျေးဇူးကို နို့နှစ်လုံးဖိုးကျေအောင်
ဆပ်ပြီးသား ဖြစ်တော့တာပါပဲ။
မြတ်စွာဘုရားရှင်ဟာ မိခင်နို့ ခုနစ်ရက်တိုက်ကျွေးခဲ့တဲ့ မယ်တော်ရင်း
မဟာမာယာဒေဝီကနေ ဘဝပြောင်းသွားတဲ့ သန္တုဿိတ နတ်သားကို ဝါတွင်းသုံးလပတ်လုံး
အဘိဓမ္မာတရား (သုတ္တန်ကြားညှပ်) ဟောကြားပေးခြင်းအားဖြင့်
သောတာပန်ဖြစ်သွားအောင် ‘ဓမ္မနို့ရည်’ တိုက်ကျွေးခဲ့ပါတယ်။
မယ်တော်နတ်ရွာစံပြီးတဲ့နောက် နို့မပြတ်မချင်း မိမိရဲ့နို့ချိုကို
တိုက်ကျွေးခဲ့တဲ့ မိထွေးတော် မဟာပဇာပတိ ဂေါတမီထေရီမကြီးကိုတော့
ရဟန္တာဖြစ်တဲ့အထိ ‘ဓမ္မနို့ရည်’ တိုက်ကျွေးခဲ့ပါတယ်။
မယ်တော်ရင်းအနေနဲ့ သောတာပန်သာဖြစ်သေးတဲ့အတွက်
တဏှာအဆာဓါတ်တွေလုံးဝမြော့ပျောက်သေးပေမယ့် သိပ်မကြာလှတော့တဲ့
တစ်ချိန်မှာတော့ တဏှာအဆာဓါတ်လုံးဝပြေပျောက်တဲ့ ရဟန္တာဖြစ်ဖို့
သေချာသွားပါပြီ။ အဲဒီအတွက် မြတ်စွာဘုရားရှင်မှာ နို့တစ်စက်ဖိုးမှ
အကြွေးမကျန်တော့ပါဘူး။နို့ဖိုးကြွေးအားလုံး ကျေသွားပါပြီ။
နို့နှစ်လုံးဖိုးလုံး ကျေးဇူးဆပ်ပြီးပါပြီ။
နှစ်နဲ့ချီပြီး နို့စို့ခဲ့ရတဲ့ မိထွေးတော်ဂေါတမီအပေါ်မှာတောင်
နို့ဖိုးကြွေး မကျန်တော့ဘူးဆိုမှတော့ ခုနစ်ရက်ပဲ နို့စို့ခဲ့ရတဲ့
မယ်တော်မာယာအပေါ်မှာ နို့ဖိုးကြွေး တစ်စက်ဖိုးမှ မကျန်တော့ဘူးဆိုတာ
ယုံမှားသံသယဖြစ်စရာ မရှိပါဘူး။ နို့နှစ်လုံးဖိုးလုံး ကျေပါတယ်။
‘မြတ်စွာဘုရားတော်မှ
မိခင်ကျေးဇူးကို နို့ဆစ်လုံးဖိုးပဲ ကျေအောင် ဆပ်နိုင်ခဲ့ပါတယ်’ ဆိုတဲ့
စကားဟာ တက်တက်စင်အောင် လွဲမှားတဲ့ လုပ်ကြံစကားသာ ဖြစ်ပါတယ်။ ဘယ်ပိဋကတ်တော်၊
ဘယ်ဗုဒ္ဓစာပေမှာမှ မပါပါဘူး။
ပိဋကတ်ကျွမ်းကျင်တဲ့ ဘယ်ဆရာတော်ကိုမဆို မေးမြန်းကြည့်နိုင်ပါတယ်။
ဝိဇ္ဇာလိုလို၊ ဘိုးတော်လိုလို ဖိုသီဖတ်သီဘုန်းကြီးတွေကိုတော့
သွားမမေးနဲ့ပေါ့။ သူတို့ကတော့ တစ်ဆင့်ကြား အစဉ်အလာကိုပဲ
အမှန်လို့သတ်မှတ်ပြီး ဟုတ်တယ်လို့ ခေါင်းညိတ်ကြမှာလေ။
ပိဋကတ်ဆိုတဲ့နေရာမှာလည်း ထေရဝါဒစစ်စစ် ပိဋကတ်တွေကိုသာ ဆိုလိုပါတယ်။
‘နို့တစ်လုံးဖိုးပဲ ကျေတယ်’ ဆိုတာတို့၊ ‘သားရွှေအိုးထမ်းလာတာ မြင်ချင်တယ်’
ဆိုတာတို့ အဲဒီလို စသည် ပိဋကတ်တော်မှာ မလာတဲ့ အချက်အလက် အလွဲအမှားတွေ
လူထုကြားထဲ စိမ့်ဝင်ပျံ့နှံ့ နေတာရဲ့ အဓိကတရားခံက ဇာတ်သမားတွေနဲ့
ကွက်စိပ်ဆရာတွေပဲလို့ ရှေးဆရာတော်ကြီးတွေက မိန့်ဆိုတော်မူခဲ့ကြပါတယ်။
ကိုယ်ဖန်တီးတဲ့ အနုပညာကို ပရိသတ် စိတ်ဝင်စားအောင် သိုင်းဝိုင်းချဲ့ထွင်
မွမ်းမံဖွဲ့နွဲ့ရင်းနဲ့ လက်လွန်နှုတ်လွန်ဖြစ်ပြီး ပိဋကတ်တော်လာ
အမှန်တရားတွေကို တမင်မရည်ရွယ်ပေမယ့် ဖျက်ဆီးလိုက်သလိုဖြစ်သွားပါတယ်။ ‘ဇာတ်သမားသေရင် ပဟာသငရဲရောက်တယ်’ ဆိုတဲ့
ဗုဒ္ဓစကားတော်ရဲ့ အကြာင်းပြချက်တွေထဲမှာ ဇာတ်စာရေးသူတွေရဲ့
အချက်အလက်လွဲမှားအောင် ဖန်တီးမှုလည်း တစ်ခုအပါအဝင်ဖြစ်မှာ သေချာပါတယ်။
(ဇာတ်စာအားလုံးကို မဆိုလိုပါ)
‘ပိဋကတ်တော်ကို ဇာတ်ဆရာ၊ ကွက်စိပ်ဆရာတွေဖျက်တယ်’ ဆိုတဲ့စကား မှန်မမှန်
သိချင်တာနဲ့ ဟိုတလောက ရေဒီယိုကလွှင့်တဲ့ ရွှေမန်းရဲ့
ဗုဒ္ဓဝင်လေးတော်တင်ခန်းကို တစ်ဝက်တစ်ပျက်ကနေ ခဏဖွင့် နားထောင်ကြည့်လိုက်တော့
. . . လား . . . လား . . .မယ်တော်မာယာကနေ ဘဝပြောင်းသွားတဲ့ နတ်သားကို
မင်းသမီးတစ်ဦးက ‘မယ်မယ်ဘုရား၊ မယ်မယ်ဘုရား’ ချင်း မိုးမွှန်ပြီး
နတ်သမီးတစ်ပါးအဖြစ်နဲ့ တင်ဆက်သွားတာကို ကြားလိုက်ရပါရောလား။
တကယ်ဆို ဗုဒ္ဓဘာသာဝင်တိုင်းသိတဲ့ ‘မယ်တော်မိနတ်သား’ ဆိုတဲ့ စကားစုလေးကို
ကြည့်လိုက်ရင်ကိုပဲ မယ်တော်မာယာဟာ နတ်သမီးဖြစ်သွားတာ မဟုတ်ဘူး၊
နတ်သားဖြစ်သွားတယ်ဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။
ဇာတ်သမားတွေရဲ့ လက်ချက်ကြောင့် ဖုန်းကညာတစ်ပါး လုံးရာက ပြားသွားရပါပေါ့လား
သန္တုဿိတနတ်သားကြီးရေ . . . ။
နို့ဖိုးကျေနိုင်ကြပါစေ။
[အင်တာဗျူးဂျာနယ်၊ စက်တင်ဘာ ၁၈၊ ၂၀၀၂။]
အညွှန်း ။ - ထေရီအပဒါနပါဠိတော်၊ စာမျက်နှာ ၂၀၉။ ဂါထာ ၁၃၃။
- ပါဠိအနက်။ မဟာမုနေ - မြတ်စွာဘုရား၊ တွံ - ရှင်တော်မြတ်ဘုရားသည်၊ မယှံ -
ဘုရားတပည့်တော်အား၊ ဗန်ဓနာရက္ခနေ - ကိလေသာ အနှောင်အဖွဲ့မှ လွတ်မြောက်အောင်
စောင့်ရှောက်ခြင်းကြောင့်၊ မယှံ - ဘုရားတပည့်တော်၏ အပေါ်တွင်၊ အနေဏော -
နို့ဖိုးကြွေးကင်းသူသည်၊ ဝါ - နို့နှစ်လုံးဖိုးကျေအောင်
မိခင်ကျေးဇူးဆပ်ပြီးသူသည်၊ အသိ - ဖြစ်တော်မူပါပေ၏ ။
ယခုရေးသားသောတရားတော်ကို ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)
ရေးသားတော်မူသော"နို့နှစ်လုံးဖိုး ကျေပါတယ်" ဆိုသောတရားစာအုပ်မှ ကူးယူပြီး
ပူဇော်ခြင်းဖြစ်ပါတယ်ခင်ဗျာ။
ကျေးဇူးတင်ပါတယ်။ ။
ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......
No comments:
Post a Comment