Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Saturday, July 27, 2013

"မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် ကမ္ဘာပျက်ပုံအကြောင်း"


 
 
 
 
 
 
 
 
 
 
 
 
                                      *********************************************
ဖြစ်ဖြစ်သမျှ အရာဝတ္ထုအစုစုသည် တစ်နေ့ကျလျှင် ဧကန်မုချ ပျက်ရမည့် အနိစ္စတရားသာဖြစ်ပါတယ်။ထို့ကြောင့်သတ္တဝါတို့ နေရာဤကမ္ဘာလောကကြီးလည်း ထိုအနိစ္စနယ်ပယ်မှာ ပါဝင်နေတာဖြစ်လို့ ခိုင်မြဲတည်တံ့နေမှာမဟုတ်ဘဲ တစ်နေ့ကျလျှင် ဧကန်မုချပျက်ရမှာဖြစ်ပါတယ်။ကမ္ဘာလောကပျက်ဖို့ရာ အကြောင်းတရားသုံးမျိုးရှိပါတယ်။အဲဒါကဘာတွေလဲလို့ဆိုတေ...ာ့ မီး၊ကြောင့်ပျက်စီးခြင်း၊ရေကြောင့်ပျက်စီးခြင်း၊လေကြောင့်ပျက်စီးခြင်းတို့ဖြစ်ပါတယ်။

မီးဖျတ်သည့် ကမ္ဘာ(၇)ကမ္ဘာ၊ထိုနောက် ရေဖျတ်သည့်ကမ္ဘာ(၁)ကမ္ဘာ၊ထို့နောက် မီးဖျတ်သည့် ကမ္ဘာ(၇)ကမ္ဘာ၊ထို့နောက်ရေဖျတ်သည့်ကမ္ဘာ(၁)ကမ္ဘာ၊ဤသို့သောနည်းအားဖြင့် မီးဖြင့်ဖျတ်သောကမ္ဘာ(၅၆)ကြိမ်၊ရေဖြင့်ဖျတ်သောကမ္ဘာ(၇)ကြိမ်၊ပေါင်းလိုက်တော့(၆၃)ကြိမ် ၊ထို့နောက်(၆၄) ကြိမ်မြောက်မှာလေဖြင့်ဖျတ်သော ကမ္ဘာဖြစ်ပါတယ်။ဆိုလိုတာက မီးကြောင့်(၇)ကြိမ်ပျက်ပြီးလျှင် ရေကြောင့်တစ်ကြိမ်ပျက်ပါတယ်။နောက်မီးကြောင့် (၇)ကြိမ်ပျက်ပြီးလျှင် ရေကြောင့် (၁)ကြမ်ပျက်ပြန်တယ်။အဲလိုနည်းနဲ့ မီးကြောင့်(၅၆)ကြိမ်၊ရေကြောင့်(၇)ကြိမ်။အားလုံးပေါင်းတော့(၆၃)ကြိမ်၊ ထိုနောက်(၆၄)ကြိမ်မြောက်ရောက်ရင် လေကြောင့်တစ်ကြိမ်ပျက်မယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ကမ္ဘာပျက်ခြင်းသုံးပါးမှာ မီးကြောင့်ပဌမဈာန်သုံးဘုံးပျက်ပါတယ်။ရေကြောင့် ဒုတိယဈာန်သုံးဘုံပျက်ပါတယ်။လေကြောင့်တတိယဈာန်သုံးဘုံးပျက်ပါတယ်။ဒီနေရာမှာ(၃၁)ဘုံကို ထည့်ပြောဖို့လိုပါတယ်။

ဗြဟ္မာဘုံ နှစ်ဆယ်
ဗြဟ္မပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ ၊ (ရူပ ပထမဈာန် ၃- ဘုံ)
ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ၊ (ရူပ ဒုတိယဈာန် ၃- ဘုံ)
ပရိတ္တာသုဘာ၊ အပ္ပမာဏာသုဘာ၊ သုဘကိဏှာ၊ (ရူပ တတိယဈာန် ၃- ဘုံ)
ဝေဟပ္ဖိုလ် ၊ အသညသတ် ၊ အဝိဟာ ၊ အတပ္ပါ ၊သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌ၊ (ရူပ စတုတ္ထဈာန် ၇- ဘုံ)
အာကာသာနဉ္စာယတန၊ ၀ိညာဏဥစ္စာယတန၊ အာကိဉ္စာညာယတန၊နေဝသညာနာသညာယတန (အရူပဈာန် ၄- ဘုံ)

နတ်ပြည် ခြောက်ထပ်
စတုမဟာရာဇ် ၊ တာဝတိံသာ ၊ ယာမာ ၊ တုသိတာ ၊ နိမ္မာနရတိ ၊ ပရနိမ္မိတ၀သ၀တ္တီ

လူ့ဘုံ တစ်ဘုံ
လူ့ဘုံ
အပါယ် လေးဘုံ
ငရဲဘုံ ၊ တိရစ္ဆာန်ဘုံ ၊ ပြိတ္တာဘုံ ၊ အသူရကာယ်ဘုံ။ဆိုပြီး ဗုဒ္ဓဘာသာအရ (၃၁)ဘုံဖြစ်ပါတယ်။

မီးကြောင့်ပျက်စီးရမည့် ကမ္ဘာကြီးမှာ ပျက်ချိန်တန်လျှင် ရှေ့ဦးစွာ နေ(၇)စင်းအနက်က နေ(၂)စင်းပေါ်လာမှာပါ။ရိုးရိုးသာမန်နေက နေ့အခါထွက်ပြီး၊အသစ်ဖြစ်ပေါ်လာတဲ့ နေက ညအခါဆက်လက်ထွက်ပေါ်လာသဖြင့် ညဥ့်အခါဟူ၍ပင်မရှိတော့ပါ။ထို နေအသစ်ရဲ့ပူလောင်မှုကြောင့် မြစ်ငယ်၊ချောင်းငယ်များမှာရှိတဲ့ ရေတွေခန်းခြောက်လာပါတယ်။အဲဒီနောက်မှာ (၃)စင်းမြောက်နေထွက်လာမှာပါ။အဲဒီနေကြောင့် နေကြောင့် မြစ်ကြီးများမှာရှိသော ရေတွေခန်းခြောက်လာမှာပါ။နောက်(၄)စင်းမြောက် နေအသစ်ထွက်ပေါ်လာပြန်တော့ ဟိမဝန္တာအတွင်းမှာရှိတဲ့ အိုင်ကြီး(၇)အိုင်မှ ရေများလည်းခန်းခြောက်လာမှာပါ။နောက်(၅)စင်းမြောက်နေအသစ် ထွက်ပေါ်လာပြန်တော့ သမုဒ္ဒရာအတွင်းမှ ရေများခန်းခြောက်မှာပါ ။နောက်(၆)စင်းမြောက်နေအသစ်ထွက်ပေါ်လာပြန်တော့ ကမ္ဘာလောကကြီးအတွင်းမှာ အစိုဓာတ်ဟူသမျှမရှိတော့ပဲ၊နောက်ဆုံး(၇)စင်းမြောက်နေထွက်လာပြန်တော့ ဤကမ္ဘာလောကကြီးနှင့်တကွ ဤကမ္ဘာလောကမျိုးတစ်သိန်းမျှ မီးဟုန်းဟုန်းတောက်လောက်လောင်လျှက် ကာလအတော်ကြာလျှင် ကမ္ဘာမြေပြင်မှ ပထမဈာန် ဗြဟ္မာ့ဘုံတိုင်အောင် မီးတောက်မီးလျှံစွဲကာ ဟိမဝန္တာတောင်၊မြင်းမိုရ်တောင်၊စကြာဝဠာတောင်ကြီးများနှင့်တကွ ငွေ၊ရွှေ၊ရတနာ၊နီလာ၊ မြသား၊အလွန်ကြီးမားတဲ့ ဗိမာန်များလည်း မတိမ်းသာ မရှောင်သာ လောင်စာချည်းဖြစ်ရကြရတယ်လို့ဆိုပါတယ်။မီးလောင်စာမရှိ၍ မီးတောက်မီးလျှံငြိမ်းလျှက် ပြာအမှုန့်မျှ မကျန်တော့မှ ကမ္ဘာကြီးပျက်ခြင်းကိစ္စပြီးတယ်လို့ဆိုပါတယ်။

ရေဖျတ်တဲ့ အလှည့်နဲ့ကြုံတဲ့အခါ၊ရေကြောင့်ပျက်တဲ့ကမ္ဘာအလှည့်မှာတော့ ဒီလိုဆိုထားတာတွေ့ရပါတယ်။ရေဖျတ်သောကမ္ဘာမှာ ဒုတိယဈာန်သုံးဘုံတိုင်အောင် ဆားခဲကိုရေတွင်ချ၍ ကြေသကဲ့သို့ ဒီကမ္ဘာကြီးလည်း အထက် ဒုတိယဈာန်သုံးဘုံတိုင်အောင် တစ်ဖြည်းဖြည်းပျက်စီးသွားတယ်လို့ဆိုထားပါတယ်။
လေကြောင့်ပျက်တဲ့ကမ္ဘာမှာလည်း လေမုန်တိုင်းကျလို့ စိစိညက်ညက် ကြေမွသကဲ့သို့ တတိယဈာန်သုံးဘုံတိုင်အောင် စကြဝဠာ ကုဋေတစ်သိန်းလုံး မုန့်မုန့်ညက်ညက်ကြေပျောက်တယ်လို့ဆိုပါတယ်။အကျယ်ကိုဖတ်ချင်ရင် ဝိသုဒ္ဓိမဂ် အဌကထာတွင်ဖတ်လို့ရပါတယ်။

ဤသို့ကမ္ဘာလောကကြီးရဲ့ ပျက်စီးနေရာ အချိန်အခါသည် နှစ်ပေါင်း မည်မျှကြာသည်ဟု မခန့်မှန်းနိုင်လောက်အောင်ပင်ကြာပါတယ်။(၁၀)နှစ်တမ်းမှ တဖြည်းဖြည်းတက်၍ အသက်အသင်္ချေယျတမ်းသို့ရောက်၊အဲဒီအသင်္ချေယျတမ်းမှ တဖြည်းဖြည်းဆုတ်၍ (၁၀)နှစ်တမ်းသို့ရောက်၊၊ဤတက်ကပ်၊ဆုတ်ကပ် တစ်စုံကို အန္တရကပ်(အကြားကပ်)လို့ခေါ်ပါတယ်။ကမ္ဘာလောကကြီး မီးလောင်၍ ပျက်စီးရာ နေရာ အချိန်အခါက ထိုအန္တရကပ်ပေါင်း(၆၄)ကပ်မျှကြာပါတယ်။ထို့သို့ ပျက်စီးပြီးနောက် ကမ္ဘာအသစ်မဖြစ်ခင်၊ ကမ္ဘာသစ်မတည်ခင် ပျက်နေတဲ့အချိန်ကလည်းအန္တရကပ်(၆၄)ကပ်ကြာတယ်လို့ဆိုပါတယ်

ကမ္ဘာပျက်နေတုန်းအချိန်မှာ၊ကမ္ဘာအသစ်မဖြစ်ခင်အချိန်မှာ သတ္တဝါတွေက မီးမလောင်တဲ့ အထက် ဗြဟ္မာပြည်ကိုရောက်နေတယ်လို့ဆိုပါတယ်။ဘာကြောင့်ရောက်ရသလဲလို့ဆိုတော့ ကမ္ဘာမပျက်ခင် အနှစ်တစ်သိန်းလောက်စောပြီး နတ်များက “အနှစ်တစ်သိန်းလွန်လျှင် ကမ္ဘာပျက်လိမ့်မယ်ဆိုပြီးကြွေးကြော်ထားတဲ့အတွက်ကြောင့် ကြားကြားသမျှသော သတ္တဝါတွေက ရှေးကလို မမေ့မလျော့နိုင်ကြတော့ပဲ ကုသိုလ်တရားများပွားများနေကြပြီး ကမ္ဘာပျက်ခါနီးအချိန်အခါရောက်တော့ အားလုံးပင်ဗြဟ္မာပြည်ကိုရောက်ဖို့ရန် ဈာန်တရားများကိုရရှိကြတယ်လို့ဆိုပါတယ်။ဒါကြောင့် နိယတ မိစ္ဆာဒိဋ္ဌိ အယူရှိတဲ့ ပုဂ္ဂိုလ်များမှတစ်ပါး သတ္တဝါဟူသမျှ တစ်ကမ္ဘာလျှင် တစ်ခါတော့ ဗြဟ္မာ့ပြည်ကိုရောက်ကြတယ်လို့ဆိုပါတယ်။
(နိယတ မိစ္ဆာဒိဋ္ဌိရှိတဲ့သူက) ပဉ္စာနန္ဒိယကံထိုက်တဲ့သူထက်အပြစ်ကြီးပါတယ်။ပဉ္စာနန္ဒိယကံထိုက်သူက ကမ္ဘာပျက်လျှင် အပြစ်ကြေသော်လည်း နိယတမိစ္ဆာဒိဋ္ဌိ ရှိသူကတော့ ကမ္ဘာပျက်လည်း ငရဲသက်တန်းမကုန်သေးလျှင် အခြား မပျက်တဲ့ကမ္ဘာသို့ပြောင်းပြီးခံရတာပါ။နိယတမိစ္ဆာဒိဋ္ဌိဆိုတာက ကုသိုလ်မရှိ၊အကုသိုလ်မရှိ။ကံဆိုတာမရှိ၊ကံရဲ့အကျိုးတရားဆိုတာမရှိ၊သတ္တဝါအသတ်ကိုသတ်လျှင် လည်း သတ်တဲ့သူမခံပဲ သေစေတတ်တဲ့ လက်နက်ပဲ ခံရတယ် ရှေးဘဝလည်းမရှိ၊နောက်ဘဝလည်းမရှိ စတဲ့အယူဝါဒတွေကို စွဲစွဲမြဲမြဲခံယူထားတဲ့ အယူဝါဒဖြစ်ပါတယ်။အဲဒီအယူကိုယူတဲ့သူက မိစ္ဆာအယူရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။အဲဒီပုဂ္ဂိုလ်သည် ကမ္ဘာပျက်သော်လည်း ငရဲသက်တန်း မစေ့သေးလျှင် အခြားကမ္ဘာကိုပြောင်းပြီးခံရတယ်လို့ဆိုလိုတာပါ။

ဒါက ကမ္ဘာပျက်ပုံဖြစ်ပါတယ်။ အားလုံးဗဟုသုတရစေလိုတာကြောင့်ရေးသားလိုက်ခြင်းပင်ဖြစ်ပါသည်။
 
ကိုးကား။ ။
အရှင်ဇနကာဘိဝံသ၏ကိုယ်ကျင့်အဘိဓမ္မာ၊
နဝဓုတင်္ဂါစာရမဟာထေရ်၏ကမ္ဘာ့ဂန္ထဝင်သာသနာ့သင်ခန်းစာကျမ်း၊
ဝိသုဒ္ဓိမဂ် အဋ္ဌကထာကျမ်းများကိုမှီငြမ်းရေးသားသည်။
 
အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
 
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment