Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Wednesday, April 3, 2013

မြန်မာနိုင်ငံတော်၏ ဗုဒ္ဓသာသနာတော်သမိုင်း (ဒုတိယပိုင်း)


(အနော်ရထာမတိုင်မီကာလ မြန်မာနိုင်ငံတော်)
အေဒီ(၁၀၀-မှ- ၈၀၀)ခုအထိ ထွန်းကားခဲ့သော ပျူလူမျိုးတို့၏ `သရေခေတ္တရာမြို့
ဟောင်းဒေသ´  မွန်လူမျိုးတို့၏ `ရာမညတိုင်းတွင်ပါဝင်သော
 ကေလာသတောင်နှင့် သထုံဒေသ´နှင့် `ရခိုင်´ဒေသ ဟူသော ဒေသသုံးခုမှာ
မြန်မာနိုင်ငံ၏ အစဆုံးသော သာသနာတော်ထွန်းကားပြန့်ပွားရာနေရာဒေသမျာ
းဖြစ်ကြပါတယ်။
          မြို့ရွာများ အတည်တကျတည်ဆောက်ကာနေထိုင်ကြသော လူမျိုးတို့တွင်
` ပျူ´ လူမျိုးတို့လည်း မြန်မာနိုင်ငံတွင်အစောဆုံးသော လူမျိုးများအဖြစ်ပါဝင်ပေသည်။
ယင်းပျူလူမျိုးတို့၏နယ်မြေသည်-
          (က) ဗိဿနိုးဒေသ (တောင်တွင်းကြီးမြို့အနီး)
          () ဟန်လင်းဒေသ
          () သရေခေတ္တရာဒေသတို့ ဖြစ်ကြပါသည်။
 အေဒီ-၄၀၀-စုတွင် ဗိဿနိုးသည် ပျက်စီး၍ သရေခေတ္တရာသည်လည်း
 အေဒီ-၈၀၀တွင်ပျက်သုဉ်းခဲ့လေသည်။
                             `ဗိဿနိုး´
        ပျူ တို့၏ မြို့ပြနိုင်ငံတစ်ခုဖြစ်သော ဗိဿနိုး(ယခု တောင်တွင်းကြီးနယ်)သည်
သရေခေတ္တရာနှင့်ဟန်လင်တတို့ထက် ရှေ့ကျသော မြို့ပြနိုင်ငံတော်တစ်ခုဖြစ်ပြီး
 အေဒီ-၁၀၀-စုခန့်တွင် စတင်တည်ထောင်ခဲ့ပြီး လယ်ယာအလုပ်နှင့် ကူးသန်း
ရောင်းဝယ်ကုန်သွယ်မှုအလုပ်များကို လုပ်ကိုင်အသက်မွေးကြကာ
 အိန္ဒိယမှရောက်ရှိလာသော ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြပါသည်။
          ဗိဿနိုးမြို့တော်သည် AD.100,ခုနှစ်ထက် နောက်မကျသော အချိန်ကပင်
တည်ရှိခဲ့သည်ဟု ပညာရှင်များက ခန့်မှန်ကြပါသည်။(C.14,)ရေဒီယိုကာဗွန်
နည်းပညာဖြင့် စမ်းသပ်စစ်ဆေးရာတွင် လွန်ခဲ့သော (၁၉၀၀)က ရှိခဲ့သည်ဟု
အဖြေထွက်ပါတယ်။ မီးသွေးများကို စစ်ဆေးရာတွင်လည်း လွန်ခဲ့သော
နှစ်ပေါင်း (၁၉၀၀)ခန့်ကဟုပင် အဖြေထွက်ပါသည်။သို့ရာတွင် သမိုင်း
အထောက်အထားများအရ ဗိဿနိုးမြို့တော်ကို စသည်တည်ထောင်သူနှင့်
 မည့်သည့်အကြောင်းများကြောင့်ပျက်စီးရသည်ကို တိကျစွာ မသိရှိရပဲ
ခန့်မှန်းသဘောသာသိရှိရတာဖြစ်ပါသည်။
          ဗိဿနိုးသားတို့သည် လယ်ယာလုပ်ကိုင်ခြင်း ကုန်သွယ်ခြင်းများအပြင်
ပန်းရံစသော ပန်းအတတ်ပညာ အိုးလုပ်ပညာရပ်များနှင့် အထည်ရက်လုပ်ခြင်းများ
ဖြင့် အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။ထို့အပြင် စစ်ပညာကာကွယ်
ရေးပညာရပ်များကိုလည်း ကျွမ်းကျင်ပိုင်နိုင်ကြကြောင်းလေ့လာသိရှိရပေသည်။
          တိုင်းပြည်ကာကွယ်ရေးအတွက် စုပေါင်းညီညွှတ်စွာဆောင်ရွက်ပြီး
မြို့တော်တွင်လည်း နှစ်ထပ်အဆောက်အဦးများ၊ ကျောင်း ကန်း ဘုရားစေ
တီများကို ထုထည်ကြီးမားခိုင်ခံ့စွာတည်ဆောက်ထားကြပါသည်။
ဗိဿနိုးရှိ ပျူလူမျိုးတို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့်အတွက်
ဗုဒ္ဓသာသနာတော်၏ အဆုံးအမတော်ကို ခံယူရသဖြင့် ယဉ်ကျေးသော
လူးမျိုးများဖြစ်ကြောင်း ပညာရှင်တို့က တညီတညွှတ်တည်း လက်ခံထားကြပါသည်။

         
                             `ဟန်လင်း´
        ဟန်လင်းမြို့(ယခု-ရွှေဘိုနယ်)AD-3,ရာစုခန့်မှစ၍ စည်ပင်လာ
ကြောင်းသိရှိရသည်၊ ဟန်လင်းမြို့တော်နှင့် ပတ်သက်သော အထောက်အထောက်
များကို အတိအကျမသိရှိရပေ သမိုင်းအဆိုအရ ဟန်လင်းသည်ဗိဿနိုးနှင့်
ခေတ်ပြိုင်သော်လည်းကောင်း သို့မဟုတ် မရှေ့မနှောင်းသော်လည်းကောင်း
ပေါ်ထွန်းခဲ့သသည်ဟု ပညာရှင်များက ယူဆကြသည်။
          တချို့သောပညာရှင်များကမူ သရေခေတ္တရာပျက်ပြီးနော် ပျူ လူမျိုး
တို့သည်  ဟန်လင်းသို့ ပြောင်းရွှေ့သွားသည်လည်းဖြစ်နိုင်ကြောင်းပြော
ဆိုကြသည်။ မြန်မာရာဇ၀င်များတွင် ဟန်လင်းနှင့် ပတ်သက်၍
အထူးတလည်ဖော်ပြထားခြင်းမရှိပေ။ ဟန်လင်းမြို့တော်ပျက်စီးခြင်းမှာ
ရန်သူများဝင်ရောက်တိုက်ခိုက်သဖြင့် ပျက်စီးခြင်းမဟုတ်ပဲ သဘာဝ
ဘေးအန္တာရယ်တခုခုကြောင့် ပျက်စီးခြင်းသာ ဖြစ်နိုင်ပေသည်။

                             `သရေခတ္တရာ´
        သရေခေတ္တရာ(AD.500-900)ခေတ်ကို တည်ထောင်သော ပျူလူမျိုး
တို့သည်လည်း အိန္ဒိယပြည်တောင်ပိုင်းနှင့်မြောက်ပိုင်း အမရ၀တီဘတ်၊
ကိဉ္စိပူရဘတ်စသောဒေသတို့နှင့် အဆက်အသွယ်ရှိခဲ့ဟန်ရှိပြီး
ဗုဒ္ဓသာသနာတော် စည်ပင်ပြန့်ပွားရာဒေသများဖြစ်
ခဲ့ကြောင့်နှင့် ဘာသာတရားကိုင်းရှိုင်းကြောင်းကို ဘောဘောကြီးဘုရား၊ ဘဲဘဲ
လေမျက်နှာစေတီဘုရားများက သက်သေခံလျှက်ရှိပါသည်။
ပျူဘာသာဖြင့်ရေးထိုးထားသော ကျောက်စာမှတ်တမ်းများအရ
ပျူလူမျိုးတို့သည် ဗုဒ္ဓဘာသာများဖြစ်ကြောင်းသိရှိရသည်။
တန်ခေတ် တရုတ်မှတ်တမ်းများအရလည်းပျူတို့သည် ဗုဒ္ဓဘာသာ
ကိုကိုးကွယ်သူများဖြစ်ကြောင်းမှတ်တမ်းတင်ထားသည်ကိုတွေ့ရှိရပါသည်။
          ခရစ်နှစ် ၁၉၂၆-ခုနှစ်တွင် ပါမောက္ခProfessor Duroisells Chars
ကြိုးပမ်းမှုကြောင့်သရေခေတ္တရာမြို့ဟောင်း မှော်ဇာခင်ဘကုန်းမှ တူးဖော်ရရှိသော
ငွေခေါင်းပွပလ္လင်နှင့် ဗောဓိပလ္လင်ကြုတ်တို့တွင် ပလ္လင်၏ဘေးပတ်ပတ်လည်
လေးမျက်နှာတွင် ဘုရားလေးဆူ၏ ပုံတော်ကို ရုပ်ကြွထုလုပ်၍
ပလ္လင်အဖုံးနှုတ်ခမ်းဝတွင် ´´ဗုဒ္ဓဂေါဏာဂုံ၊ ဗုဒ္ဓကဿပ၊ ဗုဒ္ဓဂေါတမ´´ဟူသော
 ဘုရားရှင်တို့၏ွဲတော်များကို အေဒီ-၅၀၀-စုခန့်က အိန္ဒိယတောင်ပိုင်းသုံး
ပျူ ဘာသာဖြင့်ကမ္မည်ရေးထိုးထားပါသည်။ခရစ်နှစ် ၁၈၉၂-ခုနှစ်တွင်
သရေခေတ္တရာမြို့ဟောင်း၏တောင်ဘက်သရေခေတ္တရာ(ပြည်)မှော်ဇာအနီး
 မောင်းကန်ရွာမှတူးဖော်ရရှိသောရွှေပေချပ်-(၂၀၀)တွင် အိန္ဒိယပြည်တောင်ပိုင်း
ရှေ့ဟောင်း တေလဂူ ကနာဋိအက္ခရာဖြင့် ထေရ၀ါဒ ပိဋကတ်တော်
 ကောက်နှတ်ချက်ဖြစ်သော `ယေဓမ္မာ ဟေတုပ္ပဘ၀ါ´အစချီသော
 သုံးဂါထားကို ရွှေပေလွှာတွင်ရေးထိုးထားသည်ကို တွေ့ရှိရပါသည်။
ပါမေက္ခ ProfessorFrinot ကယင်းရွှေပေလွှာပေါ်မှဗုဒ္ဓဒေနာတော်များသည် AD.500,စုခေတ်သုံးကဒမ္ဗအက္ခရာများဖြစ်သည့်ဟုဆိုသည်။
၎င်းက ယင်းအက္ခရာကိုထောက်ရှု၍AD.500,စုမတိုင်မီကပင် မြန်မာနိုင်ငံတွင
 ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ရောက်ရှိနေပြီဟုခန့်မှန်းကြပါသည်။
          သရေခေတ္တရာ၏ စီပွားရေးမှာ စိုက်ပျိုးရေးအပြင် ဆည်မြောင်းဖောက်လုပ်ခြင်း
နည်းပညာများကိုပါ ကျွမ်းကျင်ကြပါသည်။လက်မှုပညာနှင့် ဘာသာယဉ်ကျေးမှုများ
မှာလည်း ဗိဿနိုးထက်ပို၍ တိုးတက်လာပါသည်။
          ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ထွန်းကားခဲ့ပြီး ကျောက်ဆင်းတု ကြေးဆင်းတု
များကို ထုလုပ်၍ ကိုးကွယ်ခဲ့ကြသည်။ထိုဆင်းတု ထုလုပ်မှုပညာရပ်များမှာ
အိန္ဒိယနိုင်ငံ၊ ဂုတ္တရ နှင့် မထုရာအနုပညာအရိပ်အငွေ့များပါဝင်နေပါသည်။
ထေရ၀ါဒဗုဒ္ဓနိုင်ငံတော်ကြီးအဖြစ်ဖြင့် နှစ်ပေါင်း(၄၀၀)နီးပါးတည်ရှိခဲ့သော
သရေခေတ္တရာနိုင်ငံတော်ကြီးသည် ခရစ်နှစ် (၈၃၂)AD.832,တွင်
နန်စောတပ်များ၏ကျူးကျော်တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရပြီး
ပျူလူမျိုး(၃၀၀၀)ကျော်ကိုလည်းစစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခေါ်ဆောင်
သွားကြပါသည်။ထိုအချိန်မှစ၍သရေခေတ္တရာသည် ပျက်စီးသွားရပေသည်။
         
          သရေခေတ္တရာပျူတို့၏ ဗုဒ္ဓဘာသာအပေါ်ယုံကြည်မှုအကြောင်းကို AD.800,
ခန့်က ရေးသားမှတ်တမ်းတင်ထားသော တရုတ်မှတ်တမ်းများ၌ တွေ့ရှိရပေသည်။
ယင်မှတ်တမ်းမှ ဗုဒ္ဓဘာသာနှင့် ပတ်သက်သောမှတ်တမ်းကို ထုတ်နှုတ်ဖော်ပြပါမည်။
          သရေခေတ္တရာမြို့တော်တွင် တံခါးပေါင်း ၁၂-ခုရှိပြီး မြို့တော်၏ဒေါင့်လေးဒေါင့်
တွင် တစ်ဒေါင့်လျှင် ဘုရားတစ်ဆူစီတည်ထားခဲ့ပါသည်။
ဘုရင်မင်းမြတ်စံမြန်းရာ နန်းတော်ရှေ့တံခါးဝကို မျက်နှာမူ၍ ဥာဏ်တော်-၁၀၀-
မြင့်သော ဖြူဖွေးသည့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို တည်ထားကိုးကွယ်ခဲ့ပါတယ်။
          အမှုအခင်းဖြစ်ကြသောအခါတွင် ဘုရင်မင်းမြတ်က အမှုဖြစ်သူတို့အား
ထိုရုပ်ပွားတော်မြတ်၏ ရှေ့တော်မှောက်တွင် အမွှေးတိုင်များ ထွန်းညှိပူဇော်စေ
ပြီး မိမိတို့ကျူးလွန်သည့် ပြစ်မှုတို့ကို ပြန်လည်သုံးသတ် ဆင်ခြင်စေခြင်းဖြင့်
 အမှုဖြစ်နေကြသူများ မကြာမီပြန်လည်၍ သင့်မြတ်သွားလေ့ရှိကြပါတယ်။
          တိုင်းပြည်ရပ်ရွာများအတွင်း၌လည်း ဘေးအန္တရာယ်ကပ်ဆိုးများ
ဆိုက်ရောက်သောအခါတွင် ဘုရင်မင်းမြတ်သည် ဗုဒ္ဓရုပ်ပွားတော်ရှေ့မှောက်တွင်
အမွှေးနံ့သာ၊ပန်း ဆီမီးစသည်တို့ကို ပူဇော်လှုဒါန်း၍ ပြည်သူ/သားတို့ကို မင်းကျင့်

တရားနှင့်အညီ အုပ်ချုပ်ပါမည်ဟု အဓိဋ္ဌာန်ပြုရလေ့ရှိပါသည်။ထိုကဲ့သို့ တရားနှင့်
အညီ မင်းပြုသောအခါတွင် ဘေးအန္တရာယ်ကပ်ဆိုးများ ကျော်လွှားသွားပါသည်။
          ပျူအရပ်ဒေသတွင် ဘုန်းတော်ကြီးကျောင်းပေါင်း(၁၀၀)မကရှိပြီး၊ ထိုဘုန်း
တော်ကြီးကျောင်းတိုင်းတွင်လည်း ရွှေ၊ငွေ စသည့်ရတနာတို့ဖြင့် စီခြယ်ကာ
ဟင်္သာပြဒါးနှင့်တောက်ပကြည်လင်သော အရောင်များကိုသုတ်လိမ်းထားသည့်
တရားဟောခန်းမများလည်းရှိပါပြီး။ကြမ်းပြင်များကို အနီရောင်ပန်းပွင့်များထိုးထား
သော ကော်ဇောများခင်းထား၍ ဘုန်းတော်ကြီးကျောင်းများ၏ အမိုးများကို နန်းတော်အမိုး
ကဲ့သို့ပင် စဥ့်သုတ်ထားသော အုတ်ကြွတ်အမိုးများကို မိုးထားပါသည်။
         
          ပျူလူမျိုးတို့သည် အသက်-၇-နှစ်အရွယ်သိုရောက်လျှင် ယောက်ျားလေး
များသာမက မိန်းကလေးများပါမကျန် အားလုံး ဘုန်းတော်ကြီးကျောင်းများသို့
သွားရောက်ကာ သာသနာ့ဘောင်ဝင် ရှင်ပြု၊နာသကာ ဗုဒ္ဓစာပေများကိုသင်
ကြားရကြောင်း သမိုင်းအထောက်အထားများအရ လေ့လာသိရှိရပါတယ်။
အသက်(၂၀)သို့ရောက်လျှင် သာသနာ့ဘောင်သို့ ဆက်လက်နေကာ ပရိယတ္တိ၊
ပဋိပတ္တိ စသည့်ဗုဒ္ဓရှင်တော်၏ တရားတော်များအတိုင်းလိုက်နာကျင်ကြံ
သာသနာပြုလိုလျှင် ဆက်လက်ပြုနိုင်ပြီး မပြုနိုင်ပါက
လူထွက်သွားလေ့ရှိကြပါသည်။
          ပျူလူမျိုးတို့သည် ဗုဒ္ဓဘာသာဝင်ဖြစ်ရသည်ကို အမြဲဂုဏ်ယူလေ့ရှိပြီး ဓမ္မတေးများ
ကဗျာ လင်္ကာများကိုလည်း စပ်ဆိုသီကုံးလေ့ရှိပါသည်။ AD.800-802,နှစ်တွင်
ပျူယဉ်ကျေးမှု ဂီတအဖွဲ့သည် တရုတ်နိုင်ငံသို့သွားရောက် ၊ထန်ဘုရင်၏ နန်တော်တွင်
ဗုဒ္ဓဘာသာ၏ ဂုဏ်ကျေးဇူးကိုသီကျူးဖျော်ဖြေခဲ့ကြကြောင်း တရုတ်မှတ်တမ်းများ၌
မှတ်တမ်းတင်ထားသည်။
          ထို့ကြောင့် ပျူ လူမျိုးတို့၏ နေ့စဉ်ဘ၀သည် ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့
တရားသဖြင့်အဆုံးအမနှင့်အညီ ဗုဒ္ဓအရိပ်ကို ခိုလှုံကာ မိမိတို့၏ ဘ၀ကို ငြိမ်းချမ်း
စွာတန်ဘိုးရှိအောင် ဖြတ်တမ်းကုန်ဆုံစေခဲ့ကြပါသည်။
          ယခုဖော်ပြခဲ့ပြီးသော `ဗိဿနိုး´ `သရေခတ္တရာ´ `ဟန်လင်း´ပျူနိုင်ငံတော်
တို့သည် ဗုဒ္ဓသာသနာထွန်းကားရာ အရပ်ဒေသများဖြစ်ခဲ့ကြသည်နှင့် အညီ
ကိုယ်-နှတ်-စိတ် ကံသုံးပါးစလုံး သိမ်မွေ့ယဉ်ကျေးပြီး ငါးပါးသီလကို ခါးဝတ်
ပုဆိုးကဲ့သို့ မြဲမြံစွာလုံခြုံမှုရှိကြ၍ လွန်စွာယဉ်ကျေးသိမ်မွေ့ကြသည်။
အ၀တ်အစားများကိုလည်း ပိုးထည်အ၀တ်များကိုအသက်သတ်ခြင်းမှ
ရှောင်ကြဉ်သောအားခြင့် မ၀တ်ကြပဲ လက်ပံမှို့မှရသော ချည်သားအ၀တ်အစား
များကိုသာ ၀တ်ဆင်လေ့ရှိကြပြီး တစ်ဦးနှင့်တစ်ဦး တွေ့ဆုံသည့်အခါတွင်
လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးကာ လေးလေးစားစာ
တန်ဘိုးထား ဆက်ဆံလေ့ရှိကြောင်းသိရှိရပါသည်။
ထို့အပြင် စည်းကမ်းလိုက်နာသေ၀ပ် ငြိမ်းချမ်းစွာ တရားဥပဒေကို
လေးစားကြကြောင်းလည်းသိရှိရပေသည်။
          တရုတ်တို့၏ ခေတ်ပြိုင်မှတ်တမ်းတွင် ပျူတို့သည် စံပြုထိုက်သူများ
ဖြစ်ကြကြောင်းနှင့် တရားဥပဒေသည်လည်း စိတ်ပိုင်း ရုပ်ပိုင်းကို ပြုပြင်လာ
အောင် ထေရ၀ါဒတရားတော်အားအခြေခံကာ ရေးဆွဲထားသခြင့် အလွန်
ကောင်းမွန်ကြောင်း ချီးကျူးရေးသားထားပါသည်။
          ဖော်ပြခဲ့ပြီးသောအကြောင်းအရာတို့သည်ကား ပုဂံခေတ်မတိုင်မီ ပျူနိုင်ငံ
တော်အတွင်းထွန်းကားခဲ့သော ဗုဒ္ဓသာသနာတော်၏ အခြေအနေကို
သမိုင်းအထောက်အထားများအရ တင်ပြထားခြင်းများပင်ဖြစ်ပါတော့သည်….။      ။

                (ဆက်လက်ဖော်ပြပါမည်)
 ဓမ္မစေတီဆရာတော်၏ မဟာဘွဲ့ယူစာတမ်းအား အထူးကိုးကားပါသည်။
        ကိုယ့်အကျိုး၊ သူ့အကျိုး သည်ပိုးနိုင်သူများဖြစ်နိုင်ကြပါစေ။
        ဓမ္မ၀ီရ အရှင်တေဇနိယ (ခေတ္တ-သီရိလင်္ကာနိုင်ငံ)
        E-mail;ashintejaniyadhammavira@gmail.com

No comments:

Post a Comment