Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......
Tuesday, April 30, 2013
အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက် ကြပါစို့
* သရဏဂုံ ဆောက်တည်ရာဝယ် *
>>>>>>>>>>>>>>>>>>>>
သရဏ ဆိုသည်မှာ
ဘေးအန္တရာယ်ကို တားဆီး ကာကွယ်ပေးတတ်သော၊ ပယ်ဖျောက်ပေးတတ်သော အရာ/ပုဂ္ဂိုလ် ဟု
 အဓိပ္ပါယ်ရပေသည်။
ဘေးအန္တရာယ်ဆိုသည်မှာ
    စိတ်ပူလောင်မှု
    ကိုယ်ဆင်းရဲမှု
    ဒုဂ္ဂတိဘုံဆင်းရဲမှု တို့ကို ဆိုလိုသည်။ 
ထို(၄)မျိုးသော ပင်ပန်းဆင်းရဲမှုတို့ကို ပယ်ဖျောက်ပေးတတ်သော၊ 
တားဆီးကာကွယ်ပေးတတ်သော အရာ/ပုဂ္ဂိုလ် သည် သရဏ ဖြစ်ပေ၏။
တနည်းအားဖြင့် ကိလေသာ စိတ်အပူတို့ကို သက်သာ လျော့ပါးသွားစေမှသာလျင် သရဏ 
ဖြစ်ပေသည်။ ထို့ကြောင့် သရဏ ဆိုသည်မှာ ကိုးကွယ်ရာပင်ဖြစ်၏။
ထိုသို့ (၄)မျိုးသော ပင်ပန်းဆင်းရဲမှု စိတ်ပူလောင်မှု တို့ကို 
မသက်သာစေနိုင်သော၊ ကာကွယ်တားဆီးခြင်းငှာ မစွမ်းနိုင်သော အရာတို့သည် သရဏ 
မမည်ပေ။ သရဏ မဖြစ်လျင် ကိုးကွယ်ရန်မထိုက်၊ ကြည်ညိုရန်မထိုက်ပေ။ ကိုးကွယ်ရာ 
မဖြစ်ပေ။
ဗုဒ္ဓ သည် သရဏ ဖြစ်၏။ ဓမ္မ သည်လည်း သရဏ ဖြစ်၏။ သံဃာ သည်လည်း သရဏ ဖြစ်၏။
ဗုဒ္ဓ သည် ဘေးဒုက္ခများကို တားမြစ်ပေးတတ်၏။ အကျိုးစီးပွားမဲ့ကို 
တားဆီးပေးတတ်သည်။
ကောင်းရာကို လမ်းညွှန်ပေး၏။ အကျိုးစီးပွားကောင်းကိုလည်း ဖြစ်စေတတ်သည်။
ဘေးဒုက္ခများမဖြစ်စေရန် မကောင်းမှုတို့ကို မပြုလုပ်ရန်၊ မပြောဆိုရန်၊ 
မကြံစည်ဖို့ရန် ဆုံးမ ပေးခြင်းဖြင့်လည်းကောင်း၊ 
ကောင်းကျိုးချမ်းသာများရစေရန် ကောင်းမှုတို့ကို ပြုလုပ် ပြောဆို 
ကြံစည်ကြဖို့ရန်လည်းကောင်း လမ်းညွှန်ပေးလေသည်။
ထိုကြောင့် သရဏ ဖြစ်ပေ၏။
ဓမ္မ ဆိုသည်မှာ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန် ဟူသော လောကုတ္တရာကိုးပါး 
နှင့် သုတ္တန်၊ ၀ိနည်း၊ အဘိဓမ္မာ ဟူသော ပဋိကတ် သုံးပုံတို့ ပင်ဖြစ်ပေ၏။
ထိုဓမ္မ သည် ဘ၀ကန္တာရခရီးခဲမှ လွန်မြောက်စေသည်၊ ထုတ်ဆောင်ပေးတတ်သည်။ 
ဘ၀အခက်အခဲများကို လွန်မြောက်စေတတ်သည်။ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုတို့ကို 
သက်သာစေသည်။ ထို့ကြောင့် သရဏ ဖြစ်ပေ၏။
သံဃာအား နည်းနည်းလေး လှူရုံမျှဖြင့် ကြီးကျယ် များပြားသော အကျိုးထူးများကို
 ရစေတတ်သည်။ မြတ်သော အလှူကို ထိုက်တန်တော်မူခြင်းသည် အရိယာသံဃာ၏ ဂုဏ်ရည် 
ဖြစ်၏။ ထို့ကြောင့် သံဃာသည်လည်း သရဏ မည်ပေ၏။ သံဃံ သရဏံ ဂစ္ဆာမိ တွင် သံဃာသည်
 အရိယာသံဃာကို ရည်ရွယ်ခြင်းဖြစ်သည်။ ထို့ကြောင့် “သံဃံ သရဏံ ဂစ္ဆာမိ” 
(သံဃာကို ကိုးကွယ်ဆည်းကပ် ပါ၏) ဟု ဆိုရာ၌ သမုတိသံဃာ (ပုထုဇဉ် ရဟန်း သံဃာ) 
များမှ တဆင့် အရိယာသံဃာတို့၏ ဂုဏ်ရည်တို့ ကို သတိရ အမှတ်ရလျက် ရည်မှန်းလျက်
 ရွတ်ဆိုရပေမည်။
ဥပမာ..စေတီတော်၊ ဆင်းတုတော်များကို ရှိခိုးတိုင်း ထိုဆင်းတုတော်မှတဆင့် 
ဘုရားရှင်၏ ဂုဏ်တော်များကို ထွင်းဖောက် အာရုံပြုရပါသည်။ ထို့အတူပါပဲ 
ပုထုဇဉ် ရဟန်း သံဃာတို့ကို ဆင်းတုတော်များကဲ့သို့ သဘောထားလျက် အရိယာ 
ဖြစ်ပြီးသော ရဟန်းသံဃာများ၏ ဂုဏ်ရည်ထိအောင် ရည်မှန်းလျက် ကိုးကွယ် 
ဆည်းကပ်နိုင်ပါမှ သံဃံ သရဏံ ဂစ္ဆာမိ စစ်စစ်ကို ရပေမည်။ သံဃာကို သင်ပေးနေတဲ့ 
ဆရာပဲလို့ ဆရာ အဆင့်လောက် သတ်မှတ်ရုံမျှဖြင့် သံဃံ သရဏံ ဂစ္ဆာမိ မဖြစ်သေးပေ။
 သရဏဂုံ စစ်စစ် ရအောင် အရိယာ သံဃာထိအောင် ရည်မှန်း ပူဇော် ကိုးကွယ်ရပေမည်။
သရဏဂုံ = သရဏ + ဂမန
သရဏဂုံ ဆိုသည်မှာ သရဏ နှင့် ဂမန ပေါင်းစပ်ထားခြင်းဖြစ်၏။ ဂမန ဆိုသည်မှာ 
အသိအမှတ်ပြုခြင်းဖြစ်သည်။
ထိုသရဏသုံးပါး ဗုဒ္ဓ ဓမ္မ သံဃာ ၏ အထက်ပါ အရည်အသွေး ဂုဏ်ရည်များကို 
အာရုံပြုပြီး ကြည်ညိုလေးမြတ်သော ယုံကြည်မှု သဒ္ဓါဖြစ်ဖို့ရန် လိုပေသည်။ 
ထိုသဒ္ဓါကို အခြေခံလျင် သမ္မာဒိဋ္ဌိ ဖြစ်လေတော့သည်။ ထို မှန်ကန်သော ယုံကြည်မှု 
သဒ္ဓါ သည်ပင်လျင် ဂမန မည်ပေသည်။
ထိုကြောင့် သရဏဂမန(သရဏဂုံ) သည် ရတနာသုံးပါးအပေါ် ရောက်နေသော ယုံကြည်မှုသဒ္ဓါ 
နှင့် အသိမှန် (သမ္မာဒိဋ္ဌိ) ဖြစ်၏။
လွယ်လွယ်ဖြင့် တိုတိုဆိုရလျင် ကိုးကွယ်ရာအဖြစ် သိမှတ်ခြင်း ဟုလည်း 
အဓိပ္ပါယ်ရပေသည်။ ကိုးကွယ်ရာအဖြစ် သိမှတ်ရာ၌ ထိုမှန်ကန်သော ယုံကြည်မှုသဒ္ဓါ 
သည် ရှေးဦးစွာ အရေးကြီးပေသည်။ ထိုကဲ့သို့သော မှန်ကန်သော သဒ္ဓါဖြစ်ပါမှ 
သရဏဂုံတည်သော ဗုဒ္ဓဘာသာ စစ်စစ် ဖြစ်ပေတော့မည်။
သရဏဂုံ အမျိုးအစား (၂) မျိုးရှိလေသည်။
လောကုတ္တရာသရဏဂုံ နှင့်
လောကီသရဏဂုံ
တို့ဖြစ်၏။
လောကုတ္တရာသရဏဂုံ ဆိုသည်မှာ သစ္စာလေးပါးကို သိမြင်ပြီးသူ၏ သန္တာန်၌ဖြစ်သော 
ရတနာသုံးပါးအပေါ် ကိုးကွယ်ဆည်းကပ်သောစိတ်ဖြစ်၏။ သစ္စာသိသူ၏ သရဏဂုံ ဖြစ်သည်။ 
လောကုတ္တရာသရဏဂုံသည် ပျက်စီးခြင်းမရှိ၊ ညစ်ညူးခြင်းလည်း မရှိတော့ပေ။ 
မဂ်စိတ်နှင့် အတူတူဖြစ်သော ရတနာသုံးပါးအပေါ် ကိုးကွယ် ဆည်းကပ်စိတ် 
ဖြစ်ပေသည်။ ထို့ကြောင့် အရိယာပုဂ္ဂိုလ်ဖြစ်မှသာလျင် လောကုတ္တရာသရဏဂုံကို 
ရပေမည်။ ပုထုဇဉ်အဖြစ်နှင့် ဘယ်သောအခါမှ မရနိုင်ပေ မဖြစ်နိုင်ပေ။
ပုထုဇဉ်တို့သန္တာန်၌ဖြစ်သော ရတနာသုံးပါးအပေါ် ယုံကြည် အားကိုးမှု စိတ်သည် 
လောကီသရဏဂုံဖြစ်၏။ လောကီသရဏဂုံနှင့် ကိလေသာတို့ကို ခေတ္တ ခဏမျှ 
ပယ်နိုင်လေသည်။ တဒင်္ဂပဟာန်ဖြင့် ကိလေသာကို ပယ်ခြင်းဖြစ်၏။
လောကီသရဏဂုံသည် ညစ်ညူးတတ်သည် ပျက်စီးတတ်ပေသည်။
ရတနာသုံးပါးအပေါ် နားမလည်ခြင်း(အ၀ိဇ္ဇာ)၊ ရတနာသုံးပါး၏ ဂုဏ်ရည်တို့ကို ဟုတ်မှ
 ဟုတ်ပါ့မလားဟု သံသယဖြစ်နေခြင်း (၀ိစိကိစ္ဆာ) တို့သည် လောကီသရဏံဂုံ 
ညစ်နွမ်းတတ်ပေသည်။ တကယ် နားလည်ပြီး ကိုးကွယ် ဆည်းကပ်နိုင်ပါမှလည်း 
သန့်ရှင်း စင်ကြယ်သော လောကီသရဏဂုံ စစ်စစ်ကို ရပေမည်။
လောကီသရဏဂုံသည် ပျက်စီးတတ်ပေသည်။ ပျက်စီးရာ၌လည်း အပြစ်ရှိသော ပျက်စီးခြင်း 
နှင့် အပြစ်မရှိသော ပျက်စီးခြင်းဟု (၂)မျိုးရှိ၏။
အပြစ်ရှိသော ပျက်စီးခြင်းမှာ…ဘာသာပြောင်း ကိုးကွယ်သွားခြင်း ဖြစ်သည်။ 
တနည်းအားဖြင့် သရဏ မဟုတ်သော အရာများကို လက်ခံချင်သော (တဏှာ) နှင့် ထို သရဏ 
မဟုတ်သော အရာများကို မှန်တယ်ထင်သော (ဒိဋ္ဌိ) ရှိလျင် အပြစ်ရှိသော ပျက်ခြင်း 
ဖြစ်လေသည်။
အပြစ်မရှိသော ပျက်စီးခြင်းမှာတော့..သေဆုံးသွားသောအခါ ဖြစ်ပါသည်။ သေသောအခါ 
စိတ်မရှိတော့သောကြောင့် ဆောက်တည်ထားသော လောကီသရဏဂုံ ပျက်စီးသွားတော့သည်။ 
အပြစ်မရှိသော ပျက်စီးခြင်း ဖြစ်ပေသည်။
ဘာသာခြား ပုဂ္ဂိုလ်တဦးအား မိမိ၏ ဆရာဖြစ်သောကြောင့် လည်းကောင်း၊ ဆွေမျိုး 
ဖြစ်သောကြောင့် လည်းကောင်း၊ ကြောက်သော အားဖြင့်လည်းကောင်း၊ ကျေးဇူးတင်သော 
အားဖြင့် လည်းကောင်း ကန်တော့ လျင် လောကီသရဏဂုံ မပျက်စီးနိုင်ပါ။ ဒါကြောင့် 
ယခုခေတ် အထက်လူကြီး ဖြစ်နေလို့ ကြောက်လို့ လက်အုပ်ချီသောအားဖြင့်လည်း 
ကိုယ်ဆောက်တည်ထားသော သရဏဂုံ မပျက်စီးနိုင်ပါဘူး။
အချုပ်အားဖြင့်တော့ သရဏမဟုတ်တော့အရာတို့ကို သဒ္ဓါဖြင့် ကိုးကွယ်လျင် သရဏဂုံ 
ညစ်နွမ်း ပျက်စီး ပါတော့သည်။
သရဏဂုံ ဆောက်တည်ရာမှာ..မြန်မာလို အဓိပ္ပါယ်ဖြင့်လည်း ဆောက်တည်နိုင်ပါသည်…
    တပည့်တော်၏ အသက် နှင့် ခန္ဓာကို ဗုဒ္ဓ ဓမ္မ သံဃာ တို့အား လှူဒါန်းပါ၏။ 
(ဘယ်လိုအခြေအနေမျိုးဖြစ်နေပါစေ ရတနာ သုံးပါးတို့အပေါ်၌ ထားရှိသော ယုံကြည်မှု 
ဆည်းကပ်မှု သဒ္ဓါကို ဘယ်တော့မှ မစွန့်ဘူး ဟု အဓိပ္ပါယ်ရပေသည်။)
    မှီခိုစရာ အားကိုးစရာ ဆည်းကပ်စရာ အလုပ်အကျွေးပြုစရာ 
ရှိပါက..ရတနာသုံးပါးတို့အတွက်ပဲ ပြုမည်။
    လက်အုပ်ချီ အရိုအသေပြု ရှိခိုးတဲ့အခါမှာလည်း ရတနာသုံးပါးကိုပဲ ရှိခိုး 
ကန်တော့ မည်။
    တပည့်အဖြစ် ချဉ်းကပ် သော အခါမှာလည်း ရတနာသုံးပါးထံမှာပဲ တပည့်ခံ 
ချဉ်းကပ်မည်။ 
ထိုသို့ ရွတ်ဆိုခြင်းအားဖြင့်လည်း လောကီသရဏဂုံကို ဆောက်တည်ရာရောက်ပါသည်။
အထက်ပါတို့မှာ..သရဏဂုံကို ဆောက်တည်ခြင်းနဲ့ ပက်သက်သော အလေး အနက်ထားရမည့် 
အချက်များဖြစ်ပါသည်။ သရဏဂုံကို စစ်စစ်ကို ရကြစေခြင်းအကျိုးငှာ 
ရေးသားလိုက်ခြင်း ဖြစ်ပါသည်။
အောက်ပါတရားတော်များအား နာကြားမှတ်သားပြီး ရေးသားထားပါသည်
ဗုဒ္ဓဘာသာအခြေခံတရားတော်များ – ဒေါက်တာ သီလာနန္ဒာဘိဝံသ
သရဏဂုံ(၃)ပါးတရားတော် – ဒေါက်တာအရှင်ဥာဏိဿရ
သရဏဂုံတရားတော် – အရှင်ကောသလ္လ (ဓမ္မစေတီ)
ဓမ္မဒါန မျှဝေလျှက်
မြတ်သောမောင်
                                                                                 ================================
မြန်မာတို့သည် ရေခံမြေခံ ကောင်းများဖြင့် အတိတ်ကောင်း၊ သမိုင်းကောင်း အစဉ်အလာများ ထင်ရှားစွာ ရှိခဲ့သော လူမျိုးများ ဖြစ်သည်။ ကိုယ်တိုင် ရပ်တည်နိုင်သော နိုင်ငံ၊ ထင်ရှားသည့် လူမျိုး၊ ဘာသာ၊ ကိုးကွယ်မှု၊ ဘာသာ စကား၊ စာပေ၊ ဂီတ၊ အနုပညာ၊ လက်မှု အသက်မွေးမှု ပညာရပ် များဖြင့် ယဉ်ကျေးမှု အမွေအနှစ် များစွာ လိမ်းကျံ ထုံမွမ်းသော နိုင်ငံအ...ဖြစ် ထူးခြား ထင်ရှားစွာ ရပ်တည် လာခဲ့သည်။
မြန်မာတို့၏ ယဉ်ကျေးမှု ဓလေ့ ထုံးစံများသည် ထေရဝါဒ ဗုဒ္ဓဘာသာ အဆုံးအမဖြင့်''ရှက်ခြင်း၊ ကြောက်ခြင်း'' ဟူသော ဟီရိသြတ္တပ္ပ လောကပါလ တရားနှစ်ပါး အခြေခံ၍ တိုင်းရင်းသား လူမျိုးစု တို့၏ ယဉ်ကျေးမှု၊ လူမှု ကျင့်ဝတ်များကို စောင့်ထိန်း လာခဲ့ကြပေသည်။ မြန်မာတို့သည် ဇာတိကို ချစ်သည်။ နိုင်ငံကို ချစ်သည်။ အသိ ဥာဏ် ကြွယ်ဝ၍ ဘာသာ သာသနာကို ရိုသေ လေးမြတ်သည့် နှလုံးသား လှပ ကိုယ် ကျင့်သိက္ခာ ပြည့်ဝသည့် လူမျိုးများ ဖြစ်ခဲ့ကြသည်။ ဤကဲ့သို့ အစဉ်အလာ ကြီးမားစွာ နက်ရှိုင်းပြီး မြတ်နိုး နှစ်သက်ဖွယ် ယဉ်ကျေးမှု အမွေများကို မယိမ်းမယိုင် ခိုင်မြဲအောင် ထိန်းသိမ်း ရမည်မှာ နိုင်ငံသားတိုင်း၏ တာဝန် ဖြစ်ပေသည်။ ယဉ်ကျေးမှု ကွယ်ပျောက်လျှင် လူမျိုးပျောက်မှာ စိုးရပါသည်။ မြေမျို၍ လူမျိုး မကွယ်ပျောက်၊ လူမျိုမှသာ လူမျိုး ကွယ်ပျောက် နိုင်ပါသည်။
မြန်မာတို့၏ ကိုးကွယ်ရာ ဘာသာ တရားကို ရဟန်းတော်များက ဦးဆောင် ပါသည်။ ထို့ပြင် ဆရာတော်ကြီး များသည် အမျိုး၊ ဘာသာ သာသနာကို ကာကွယ်ရန် တာဝန် ရှိကြောင်းကို ဆုံးမ ဟောကြားတော် မူကြပါသည်။ ဆရာတော်များသည် ဓမ္မစာပေ များကို ရေးသားကြ သကဲ့သို့ ထေရဝါဒ ဗုဒ္ဓ ဘာသာဝင်တို့ အမြင်မှန်၊ အသိမှန်များ ရစေရန် ဟောကြားခြင်းများ ရှိပါသည်။ ဆရာတင်မှား၍ သံသရာ တစ်လျှောက်လုံး မမှောက်စေရန်နှင့် ကိုးကွယ်ရာ အစစ်အမှန် ကိုလည်း ညွှန်ပြတော် မူကြပါသည်။
မြန်မာနိုင်ငံကို နယ်ချဲ့တို့ သိမ်းသွင်း အုပ်ချုပ်စဉ် မြန်မာတို့ အိုးအိမ် တိုက်တာ အဆောက်အအုံ များနှင့်အတူ အကျင့်စာရိတ္တ များပါ ပျက်ယွင်း လာခဲ့ရသည်။ ယဉ်ကျေးမှု ဓလေ့ ထုံးစံများကို ထိပါး ရိုက်ခတ်ခြင်း ခံလာရတော့သည်။ မြန်မာတို့၏ ရိုးသားခြင်း၊ အသိဥာဏ် အတွေးအခေါ် မကျယ်ပြန့်ခြင်း၊ အမျိုးဘာသာ သာသနာကို စောင့်ထိန်း ရမည်ကို အလေးအနက် ထားရမှန်း အသိများ နည်းပါး ခဲ့ကြသည်။ မြန်မာတို့သည် စိတ်ကောင်းရှိ၏။ ဧည့်ဝတ် ကျေပွန်၏။ လူချင်း ခင်လာလျှင် မည်သူ့ကို မဆို ဆွေမျိုး အရင်းသဖွယ် ပေါင်းသင်း ဆက်ဆံ ယုံကြည် တတ်ကြသည်။ ပစ္စည်း ဥစ္စာကို ရှာဖွေလျှင် ဖြစ်စေ၊ သုံးစွဲလျှင် ဖြစ်စေ၊ စနစ်တကျ မရှိ ပေါ့ဆစွာ သုံးသည်။ ကုန်၍ ကုန်မှန်းမသိ၊ မွဲပြာကျမှ လူမျိုးနှင့် ဘာသာတရားကို မျက်ကွယ်ပြု၍ ဖြစ်သလို ရင်ဆိုင်ကြသည်။ ဤအားနည်းချက်ကို အခွင့်ကောင်းယူ၍ တိုင်းတစ်ပါးသား များက ဗဟုသုတ နည်းပါးပြီး ရိုးသားသော မိဘများကို ငွေကြေး ပစ္စည်းများနှင့် မျှားကာ မြန်မာ မိန်းကလေးတို့အား အထင်သေးစွာ ချဉ်းကပ် သိမ်းပိုက် ကြလေသည်။
တိုင်းတစ်ပါးသား တို့သည် ယခင်က အလုပ်လုပ်ရန်၊ စီးပွားရှာရန် မြန်မာ နိုင်ငံသို့ ရောက်လာကြသည်။ မြန်မာတို့က ထိုသူတို့ကို ခိုင်းခဲ့ကြသည်။ ကာလ ကြာလာသော် မြန်မာတို့ကို သူတို့က ပြန်လည် ခိုင်းစေ နေပေပြီ။ ပစ္စည်း ဥစ္စာများဖြင့် ဆင်းရဲ နွမ်းပါးပြီး ဗဟုသုတ နည်းပါးသော အမျိုးသမီး များကို သိမ်းပိုက်ကြသည်။ မိဘ ဆွေမျိုး အသိုင်းအဝိုင်း အချို့ကလည်း ပစ္စည်းဥစ္စာ ချမ်းသာသည်ကို ကျေနပ်အားရ ဂုဏ်ယူကြသည်။ အမျိုးပျက်၊ ဘာသာပျက် သွားသည်ဟု ဂရုမထား မိတော့ပါ။ ၎င်းတို့ မွေးဖွား လာသော ရင်သွေးများကား မြန်မာသွေး၊ မြန်မာလူမျိုး များ မဟုတ်တော့ပါ။
လွန်ခဲ့သော အနှစ်လေးဆယ်က ဖြစ်ပါသည်။ စာရေးသူနှင့် ခင်မင်ရင်းနှီး သော ဘွဲ့ရ ပညာတတ် ဝန်ထမ်းကောင်း တစ်ယောက် ဖြစ်သည့် သူငယ်ချင်း အမျိုး သမီး တစ်ယောက်သည် ဂျပန် နိုင်ငံသား တစ်ယောက်နှင့် အကြောင်း ပါသွားပြီး ဂျပန် နိုင်ငံသို့ လိုက်သွားပါသည်။ တချို့ သူငယ်ချင်းများက သူမ ချမ်းသာနေကြောင်း၊ မြန်မာ နိုင်ငံသို့ ပြန်လာလျှင် သူ့ဆွေမျိုးများကို ထောက်ပံ့သွားကြောင်း၊ လှူဒါန်း သွားကြောင်းကို အားကျခြင်း၊ ဂုဏ်ယူခြင်း များဖြင့် ပြောဆိုပါသည်။ စာရေးသူကား ဂုဏ်မယူနိုင်ပါ။ သူမ ချမ်းသာသည်ကို ဝမ်းသာသော်လည်း မြန်မာ နိုင်ငံသား မဖြစ်တော့၍ နှမြောတသ ဖြစ်မိပါသည်။ ပညာတတ် ဝန်ထမ်းကောင်း မြန်မာ နိုင်ငံသား တစ်ယောက် ဆုံးရှုံး၍ ဖြစ်သည်။ သူ၏ မျိုးဆက်များ မြန်မာ လူမျိုး ဖြစ်မလာ နိုင်တော့ပါ။
နောက်ထပ် သူငယ်ချင်း တစ်ယောက်လည်း ရှိပါသည်။ သူမကား သံရုံး တစ်ရုံးမှ ဝန်ထမ်း တစ်ဦးနှင့် အိမ်ထောင်ပြုပါသည်။ ကလေးနှစ်ယောက် ရပြီးသော အခါ အဆင်မပြေ ဖြစ်၍ အိမ်ထောင်ရေး ပြိုကွဲသွားပါသည်။ သူ့ခင်ပွန်းကနောက် အိမ်ထောင်ပြုသွားပါသည်။ သူငယ်ချင်း၏ဆန္ဒဖြစ်သော တစ်လင် တစ်မယား စနစ်ကား မိုးတိမ်နှယ် လွင့်ပါး ပျောက်ကွယ် သွားခဲ့ရပါသည်။ သူမ၏ ရင်သွေးများကား သူမနှင့်နေပြီး မြန်မာ လူမျိုးများ ဖြစ်နေခဲ့ပါ၍ တော်ပါသေးသည်။ မြန်မာတို့ ယဉ်ကျေးမှု ဓလေ့ အစဉ်တွင် ဆိုရိုးစကား တစ်ခု ရှိခဲ့ပါသည်။ ''အိမ်ထောင်မှု၊ ဘုရား တည်၊ ဆေးမင်ရည် စုတ်ထိုး ဤသုံးချက် မပိုင်လျှင် နောင်ပြင်ရန် ခက်သည့် အမျိုး'' ဖြစ်သည်။
မြန်မာလူမျိုး တို့သည် ဘုရားတည်ခြင်း၊ အိမ်ထောင်ပြုခြင်း၊ ဆေးမင်ရည်များ စုတ်ဖြင့် ထိုးရာတွင် တည်ပြီး၊ ပြုပြီး၊ ထိုးပြီးမှ ပြင်၍ ဖျက်၍ မရပါ။ ဘဝအတွက် အရေးပါကြောင်း ဖော်ပြသည့် စကားများ ဖြစ်သည်။ ဘဝအတွက်၊ လူမျိုးအတွက်၊ ဘာသာ သာသနာ အတွက်ဖြစ်၍ နိုင်ငံ့ဂုဏ်၊ လူမျိုးဂုဏ်၊ ဇာတိဂုဏ်၊ မိသားစု ဆွေမျိုးဂုဏ် မပျက်အောင် ဆင်ခြင် ထိန်းသိမ်းရမည် ဖြစ်သည်။
ယခုအခါသည် Globalization အရ ကမ္ဘာကြီးသည် ရွာကြီး တစ်ရွာ ဖြစ်လာပေပြီ။ အနောက်တိုင်းက ဖြစ်ပျက်သမျှ အရှေ့တိုင်း နိုင်ငံများက တစ်ချိန်တည်း သိရှိနိုင်ပေပြီ။ ကွန်ပျူတာခေတ်၊ ဆက်သွယ်ရေး ဂြိုဟ်တုခေတ်၊ အင်တာနက် ကွန်ရက်ခေတ်သို့ ရောက်ခဲ့ပေပြီ။ နိုင်ငံတကာမှ ယဉ်ကျေးမှု များသည်လည်း မြန်မာ တို့၏ အစဉ်အလာ ကြီးမား ယဉ်ကျေး သိမ်မွေ့ခဲ့သော ယဉ်ကျေးမှု တံခါးကို အတင်း ဝင်တိုးလျက် ရှိနေပြီဖြစ်သည်။ မြန်မာလူငယ် တို့သည် နိုင်ငံတကာ၏ ကောင်းသည့် အချက် များကိုသာ အတုယူ စေချင်ပါသည်။ မကောင်းသည်ကိုတော့ အတုမယူ စေချင်ပါ။ မြန်မာ မိန်းကလေးတို့၏ ယဉ်ကျေး သိမ်မွေ့သော အမူအရာနှင့် ဣနြေ္ဒ ထိန်းသိမ်းမှုဖြင့် မြန်မာကို ကမ္ဘာက အထင်ကြီး လေးစား စေချင်ပါသည်။
မြန်မာတို့ နိုင်ငံကိုချစ်ပြီး အမျိုး၊ ဘာသာ သာသနာကို သမိုင်းစဉ်ဆက် စောင့်ထိန်း ခဲ့သည်ကို သာဓက နှစ်ခုဖြင့် တင်ပြပါမည်။ အေဒီ(၁ဝ၄၃- ၁ဝ၁၇) မွန်တို့ဌာနီ ဟံသာဝတီတွင် တိဿမင်းသည် မူလ ဗုဒ္ဓ ဘာသာဝင် ဖြစ်သော်လည်း ဗြဟ္မဏ အမတ်များ သိမ်းသွင်းသော အခါ ဗုဒ္ဓ ဘာသာအား ယုံကြည်မှု သဒ္ဓါတရား နည်းပါး၍ ဗြဟ္မာကို ကိုးကွယ်သူ ဖြစ်သွားသည်။ သူ၏ တိုင်းသူ ပြည်သား များအားလည်း ဗုဒ္ဓဆင်းတုတော် မကိုးကွယ်ရ၊ ကိုးကွယ်သူများကို သေဒဏ်ပေးမည်ဟု အမိန့်ထုတ်ခဲ့သည်။ ဘာသာရေးထက် အသက်ကို တွယ်တာသူ အများစုတို့သည် မိမိတို့ ကိုးကွယ်သည့် ဗုဒ္ဓ ရုပ်တုများကို ရေထဲသို့ မျှောချခြင်း၊ မီးရှို့ခြင်း၊ ဝေးလံလှသော တောနက်ထဲသို့ ပစ်ထားခြင်း များဖြင့် အယူဝါဒကို စွန့်ကြသည်။ ဟံသာဝတီ မြို့သူ သူဌေးသမီးလေး တလထော်ကား သူ့ကိုးကွယ်မှုကို မစွန့်၊ သူ့အိမ်ထဲတွင် ဗုဒ္ဓ ဆင်းတုကို ကိုးကွယ်လျက် ရှိသည်။
တစ်နေ့သောအခါ အခြွေအရံ များနှင့်အတူ ရေချိုး ဆင်းသောအခါ ရေထဲတွင် မျောလာသော ဆင်းတုတော် ရှစ်ဆူကို မိမိ ကိုယ်တိုင် ဆယ်ယူ၍အခြွေအရံ များကို လည်း ဆယ်ယူ စေသည်။ ရံရွေများက ရုပ်တု ကိုးကွယ်လျှင် သတ်ရန် ဘုရင်ကြီးက အမိန့်ထုတ် ထားကြောင်း မဆယ်ယူရန် တားမြစ်ကြသည်။ တလထော်က အသက် သေရန် မကြောက် ဗုဒ္ဓဆင်းတုတွေ သယ်ယူခြင်းကို သူတာဝန် ယူကြောင်း ပြော၍ ဆယ်ယူ ကိုးကွယ် ခဲ့ကြသည်။ ဘုရင်တိဿ ကြားသောအခါ တလထော်အား ဖမ်းဆီးပြီး ဆင်ဆိုးကြီး များကို အရက်ပြင်း တိုက်၍ အကြိမ်ကြိမ် ထိုးသတ် စေခဲ့သည်။ ဆင်များကား သရဏဂုံ တည်သူ တလထော်အား မထိုးဝံ့ဘဲ ဝူးဝူးဝါးဝါး အော်ကာ နောက်သို့ ဆုတ်ပြေး သွားကြသည်။ ဆင်နင်း၍ မသေ မီးဖိုကာ မီးဖြင့် ရှို့သော်လည်း အလျှံ တညီးညီး ထိုမီးသည် တရားရှင် မလေး တလထော်အား မွေးညင်း တစ်ပင်မျှပင် လောင်ကျွမ်းစေခြင်း အလျဉ်း မပြုနိုင်ခဲ့ချေ။ နောက်ဆုံး မြေဖို့ သတ်ရန် စီစဉ်ပြီး မြေမဖို့မီ ဘုရင်က သင့်အိမ်က ဗုဒ္ဓရုပ်တု ရှစ်ဆူကို ဤနန်းရင်ပြင် အတွင်းသို့ ကောင်းကင်မှ ဈာန်ဖြင့် ကြွလာအောင် ပင့်ဆောင်နိုင်လျှင် အသက် ချမ်းသာပေးမည်။ သူကိုယ်တိုင် ဗုဒ္ဓဘာသာ အဖြစ် ခံယူမည်ဟု ပြောဆိုလေသည်။ ဘုရင်နှင့် သူ၏ အမတ်တို့ကား တလထော် မလုပ်နိုင်ဟု ယုံကြည် ကြလေသည်။ တလထော်က ရတနာ သုံးပါးကို ယုံကြည်သူ ဖြစ်၍ ''ဗုဒ္ဓ ဆင်းတုတော်များကို အသက်နှင့် ရင်းကာ ကိုးကွယ် ပူဇော် ခဲ့ပါသည်။ ရတနာ မြတ်သုံးပါး ဂုဏ်တော် အနန္တ ကြီးမြတ်တော် မူပါသည်။ ဤမှန်သော သစ္စာစကားကြောင့် မြတ်စွာဘုရား ကိုယ်စား ရုပ်ပွားတော် ရှစ်ဆူ တို့သည် တိဿဘုရင် နန်းရင်ပြင်ပေါ် ကောင်းကင်ထက်၌ ကြွလာစံပယ် တည်တော်မူ ကြပါစေသား'' ဟု သစ္စာဆို ဆုတောင်း လိုက်ပါသည်။ သစ္စာစကား ဆုံးသည်နှင့် ဗုဒ္ဓရုပ်ပွား ဆင်းတုတော် ရှစ်ဆူသည် ကောင်းကင်ခရီးက ဈာန်ဖြင့် ဘုရင့် နန်းတော် ကောင်းကင်ယံဝယ် ရွှေရောင် တဝင်းဝင်း ရောက်ရှိ စံမြန်း နေပါတော့သည်။ တိဿဘုရင်နှင့် တိုင်းသူ ပြည်သားတို့သည် ဗုဒ္ဓ ဘာသာဝင်များ ဖြစ်သွားကြ သည်။
ပုဂံပြည့်ရှင် ကျန်စစ်သား မင်းကြီးသည် သမီးတော် ရွှေအိမ်စည်နှင့် အရိယံ နွယ်ဖွား ပဋိက္ကရား မင်းသားတို့ လူငယ်ဘာဝ ရည်ငံနေကြသည်ကို သိသောအခါ အမျိုး ဘာသာ သာသနာ အတွက် ပြင်းထန်စွာ ငြင်းဆန် ခဲ့ပါသည်။ တူတော် စောယွန်း မင်းသားနှင့် သမီးတော်ကို လက်ဆက် ပေးခြင်းဖြင့် စောင့်လေမျိုးနွယ် အစဉ်အလာ ကို အလေးထား ထိန်းသိမ်း ခဲ့သည်ကို မြန်မာ့ သမိုင်းတွင် ထင်ရှား ရှိခဲ့သည်။
မြန်မာနိုင်ငံသည် အာရှနိုင်ငံ အသီးသီးနှင့် ဆက်နွှယ်သော လမ်းကြီးများဖြင့် ကမ္ဘာတစ်ဝန်းနှင့် ရေလမ်း၊ ကုန်းလမ်း၊ လေလမ်း အသီးသီး ဆက်သွယ် သွားလာ ကြတော့မည်။ အမျိုးသမီး၊ အမျိုးသားများ အိမ်ထောင်ဖက် များကို ''ကျား'' ဖြစ်လျှင် ပြီးရော၊ ''မ''ဖြစ်လျှင် ပြီးရော သဘော မထားဘဲ လူမှုရေး၊ စီးပွားရေး၊ ဘာသာ သာသနာ အရေး ချင့်ချိန် တွေးတောပြီး လူမျိုးစည်းကို စောင့်ထိန်း ရပါမည်။ လူ့စည်းကို မစောင့်ထိန်း နိုင်ပါလျှင် လူမျိုးပါ ကွယ်၍ အမျိုး၊ ဘာသာ သာသနာပါ ပျောက်ကွယ် နိုင်သည်ကို သတိထား ရပေမည်။
စာရေးသူတို့ မြန်မာများသည် ခေတ်အဆက်ဆက် မညံ့ခဲ့ကြပါ။ ယခုအခါ နိုင်ငံတော် အနေဖြင့် ဘက်ပေါင်းစုံမှ ပွင့်လင်း မြင်သာစွာ မီးမောင်း ထိုးပြ၍ နိုင်ငံတော် ကြီးကို ခေတ်မီဖွံ့ဖြိုး တိုးတက်အောင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ များကို မြှင့်တင် ဆောင်ရွက် နေကြပြီ ဖြစ်သည်။ မြန်မာလူမျိုး အချင်းချင်း လက်လှမ်းမီ သလောက် အသိတရားများ မျှဝေ ပေးခြင်းဖြင့် ဝိုင်းဝန်း တူညီစွာ စောင့်လေမျိုးနွယ် ဟူသော မြတ်စွာဘုရား ဟောကြားသည့် သိင်္ဂါလောဝါဒ သုတ်လာ အတိုင်း အမျိုး ဘာသာ သာသနာကို စောင့်ထိန်း နိုင်ရန် တင်ပြအပ်ပါသည်။
30.4.2013
ဆောင်းပါးရှင်- မေချို(ပျဉ်းမနား)
No comments:
Post a Comment