


Sunday, May 19, 2013
" ရတနာသုံးပါး ပူဇော်ရကျိုး" (ဘယ်သာသာ ဘယ်သာသနာမှာမှ မရှိတဲ့ အကျိုးတရား)
*******************************************************
“ပရိနိဗ္ဗူတဿာပိမေ သာသပမတ္တမ္ပိ ဓာတုံ ဂဟေတွာ အတ္တနော အတ္တနော ဝသနဋ္ဌာနေ စေတိယံ ကတွာ ပရိစယန္တော မဟာဇနော သဂ္ဂပရာယနော ဟောတိ။”(သ...ုတ်မဟာဝါ အဋ္ဌကထာ)
ဒီ ပါဠိများရဲ့ အဓိပ္ပါယ်က… မြတ်စွာဘုရားရှင်က ချစ်သားတို့ ပရိနိဗ္ဗာန်စံတော်မူပြီးသော ငါဘုရား၏ မုန့်ညှင်း စေ့ခန့်မျှသော ဓာတ်တော်ကို မိမိတို့ အရပ်ဒေသတွေမှာ စေတီတည်ထားပြီး ပြန့်ပွားသော ကုသိုလ်ကို ဆည်းပူးလိုသော ဆန္ဒနှင့် လုပ်ကျွေးလှူဒါန်းခြင်းကို ပြုကြတဲ့ အလှူရှင်တွေဟာ ကောင်းမြတ်သော သုဂတိ ဘုံတွေသို့ ရောက်ကြလိမ့်မည်လို့ မြတ်စွာဘုရားရှင်က ဟောတော်မူခဲ့ပါတယ်။ထို့ပြင်အလှူရှင်များ တည်ထား တဲ့ စေတီမြတ်တို့ကို ဂုဏ်တော်ကိုရည်မှန်းပြီး ပူဇော်ရှိခိုးတဲ့ ပုဂ္ဂိုလ်များသည်လည်း ဖြစ်လေရာ ဖြစ်လေရာ ဘဝတိုင်းမှာ မကောင်းသော ဘုံဘဝတွေကို မလားရောက်ကြဘူးလို့အတည်အလင်းဟောတော် မူခဲ့ပါတယ်။
စေတီတည်ထားသူ၊ထိုစေတီအားပူဇော်ရှိခိုးသူများဟာ ကောင်းကျိုးချမ်းသာများက မရေတွက်အောင်ပင် များပြားလှပါတယ်။ ယုတ်မာသော ဒွန်းစဏ္ဍားကျွန်မဝမ်း၌ မဖြစ်ရခြင်း၊ ငရဲသို့မလားရောက်ရခြင်း၊ ကောင်းမြတ်သော ရွှေအဆင်းကဲ့သို့ လှပခြင်း၊ ထူးမြတ်သော လာဘ်သပ္ပကာများစွာပြန့်ပြောခြင်း၊ ဘုန်း၊ ပညာ လက္ခဏာတို့နှင့်ပြည့်စုံခြင်း၊ဘဏ္ဍာပစ္စည်းများနှင့်ပြည့်စုံခြင်း၊ ကျွဲ နွား ဆင်မြင်း ဥစ္စာရတနာ ရွှေ ငွေ တို့နှင့်ပြည့်စုံခြင်း၊ လိုအပ်သော အကြံကို ကြံစည်တိုင်း ပြီးပြည့်စုံခြင်း၊ လူမင်း နတ်မင်းတို့၏ အဖြစ်ကို ခံစား စံစားရခြင်း၊သိကြားမင်းဖြစ်ရခြင်း၊စကြဝတေးမင်းဖြစ်ရခြင်း၊ပဒေသရာဇ် ဧကရာဇ်မင်းတို့ဖြစ်ရခြင်း၊ကြီးသော ဘုန်းတန်ခိုး အာနုဘော်ရှိခြင်း၊ အနာရောဂါဘေးအန္တရာယ်မရှိခြင်း၊ ဘဝကြီးငယ်တို့မှာ ကျင်လည်ရသည်ရှိ သော် အတိုင်းမသိသော စည်းစိမ်ကိုရရှိခြင်း၊၊ဤသို့သော စည်းစိမ်ချမ်းသာကို ခံစားရပြီး လောကုတ္တရာသုခ တို့၌ ဘုရား ပစ္စေကဗုဒ္ဓါ သာဝက အဖြစ်သို့ ရရှိခံစားရမယ်လို့ ဟောတော်မူခဲ့ပါတယ်။
ဤကဲ့သို့ မြတ်စွာဘုရား၏ ကိုယ်စားရုပ်ပွားဆင်းတုတော် စေတီများကို ပူဇော်ပြုလုပ်၍ ပူဇော်သော စေတနာရှင်များ၏ အကျိုးအာနိသံသသည် ကြီးမြတ်လှသည်ဟု မြတ်ဗုဒ္ဓ ဟောခဲ့ပါတယ်။ ဟောကြား တော်မူခဲ့တဲ့ ဒေသနာဓမ္မကို မှတ်သားကြည်ဖြူ နှလုံးပိုက်ပြီး လိုက်နာကြသော စေတနာရှင် အပေါင်းတို့မှာ မြတ်စွာဘုရား၏ ဆင်းတုတော်ကို ပြုလုပ်မွမ်းမံကိုးကွယ်ရတဲ့ အတွက်ကြောင့် ဤသို့သော အကျိုးအာနိသင် များကို ခံစားရလိမ့်မည်ဟု နှလုံးသွင်းပြီး ပြည်ခေမာနိဗ္ဗာန်နန်းသို့ တက်လှမ်းနိုင်ကြပါစေလို့လည်း ဆုတောင်းမိပါတယ်။
နောက် မြတ်စွာဘုရားရှင်ဟောတော်မူခဲ့တဲ့ တရားဓမ္မများကို နာယူမှတ်သားကျင့်ကြံ ပူဇော်ကြည်ညိုတဲ့ သူများအနေနဲ့လည်း အရှင်သာရိပုတ္တရာအရှင်မြတ်တို့လို ပညာအရာမှာ သူတစ်ပါးတို့ထက် သာလွန်မှာ ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်ဟောတော်မူခဲ့တဲ့ တရားတော်များကို လက်ဆင့်ကမ်းသယ်ဆောင်တော်မူခဲ့တဲ့ အရိယာ သံဃာတော်များ သမ္မုတိသံဃာတော်များ၏ ဂုဏ်တော်များကို အာရုံပြုပြီး ကြည်ညို ပူဇော် လှူဒါန်း သော ပုဂ္ဂိုလ်များ မှာ စည်းစိမ်ရတနာ အဖြာဖြာတို့နှင့် ပြည့်စုံခြင်းဆိုတဲ့ အကျိုးတရားများကို ရစေမှာဖြစ်ပါတယ်။
အချုပ်အားဖြင့် ရတနာသုံးအား ပူဇော်ရှိခိုး ကြည်ညိုတဲ့ ပုဂ္ဂိုလ်များမှာ ကောင်းမြတ်သောဘုံဘဝသို့ရောက် စေနိုင်ခြင်း၊ဘုန်းတန်ခိုးအာနုဘော်ကြီးမားခြင်း၊ဥာဏ်ပညာကြီးမားခြင်း၊ စီးစည်ဥစ္စာပေါကြွယ်ဝခြင်း စတဲ့ အကျိုးတရားများကို ရစေနိုင်ပါတယ်ဆိုတဲ့ အကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment