
ဦးဇင်းသည်
ဗုဒ္ဓဘာသာဝင်မိသားစုမှ ပေါက်ဖွားလာသော ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည်။သို့သော် မိရိုးဖလာဓလေ့ထုံးစံများကိုမူ လွယ်လွယ်နှင့်
ခံယူတတ်သော ဗုဒ္ဓဘာသာဝင်မျိုး တော့ မဟုတ်ပါ ။
ဦးဇင်းသည်ဗုဒ္ဓတရားတော်များ၏နက်ရှိုင်းပုံလေးနက်ပုံနှင့်သိမ်မွေ့လှပုံတို့ကို လေးလေးနက်နက်လေ့လာထားပြီးဖြစ်သော်လည်း ဗုဒ္ဓဘာသာဝင်တို့၏ လူနေမှုစရိုက် ဓလေ့ထုံးစံနှင့်နတ်ကိုးကွယ်မှုဆိုင်ရာတို့ကိုမူ လေးလေးနက်နက်မလေ့လာမိခဲ့ မသိရှိခဲ့ မစဉ်းစားမိခဲ့ဖူးပါ။ပိုမိုတိကျအောင်ပြောရလျှင် ဗုဒ္ဓဘာသာဝင်တို့ကိုးကွယ်မှုအပိုင်း၏ အုတ်ရောရောကျောက်ရောရောဖြစ်နေသော နတ်ကိုးကွယ်မှုဆိုင်ရာဓလေ့ထုံးစံများကို သတိမမူမိခဲ့ပါ။စိတ်လည်းမ၀င်စားခဲ့ပါ။ဦးဇင်းတို့ ရခိုင်ဘက်မှာလည်း နတ်ကိုးကွယ်တာတွေမရှိပါ။ဗမာပြည်ရောက်မှ နတ်ကိုးကွယ်တာသိရပါတယ်။ဗုဒ္ဓဘာသာဝင်များနှင့်နတ်ကိုးကွယ်ခြင်းဆိုင်ရာမေးခွန်းများကို မမျှော်လင့်ပဲအမေးခံရတော့မှ ဗုဒ္ဓဘာသာဝင်များနှင့်နတ်ကိုးကွယ်ခြင်းတို့သည် အခြားဘာသာဝင်တို့၏အမြင်မှာတော့ ရောထွေးယှက်တင်နေသယောင်ရှိနေတာပဲဟု သတိပြုမိကာ ဒီဆောင်းပါးကို ရေးသားရန်ဆန္ဒများ
ဖြစ်ပေါ်လာခဲ့ရခြင်းဖြစ်သည်။
တစ်ချို့နိုင်ငံခြားသားများသည် ထေရ၀ါဒ တရားတော်၏ ဂုဏ်ကျေးဇူးများကြောင့် ဗုဒ္ဓဘာသာတရားတော်များကိုမြတ်နိုး ကြည်ညိုလာကြပြီး ထေရ၀ါဒသာသနာနှင့် ဆက်စပ်လာလျှင် စံထားလောက်သောမြန်မာနိုင်ငံတော်ကြီးဆီသို့ မရောက် ရောက်အောင် ယုံကြည်ချက်ဖြင့် ကြိုးစားပြီးလာခဲ့ကြသူတွေ ဖြစ်သည်။
ထိုအခါ ဗုဒ္ဓဘာသာဝင်များသည်ပင် သတိမမူဖြစ်နေခဲ့သော ဗုဒ္ဓဘာသာတရားနှင့် နတ်ကိုးကွယ်မှုဆိုင်ရာ ဓလေ့ထုံးစံများရောထွေးယှက်တင်နေသည်ကို သူတို့တွေမြင်သွားကြတော့သည်။ဗုဒ္ဓဘာသာဝင်ဆိုသူတို့ ဘုရားပွဲအတွက်ပြင်ဆင်ထားသောအချို၊အဆိမ့်များ ငှက်ပျောပွဲအုန်းပွဲများနှင့်နတ်တွေအတွက် ပြင်ဆင်ထားသော ငှက်ပျောအုန်းပွဲများအပြင် ချိတ်ဆွဲထားသောနတ်အုန်းသီးများကိုပါ တွေ့ကြရ၊မြင်ကြရ သောအခါ
ထေရ၀ါဒဗုဒ္ဓဘာသာတရားတော်များအပေါ်မှာ သံသယစိတ်တွေဝင်လာကြသည်။သူတို့မှာ ဖြစ်နေသောသံသယစိတ်တွေ က တော့အများကြီးပင်။၎င်းတို့အထဲမှထင်ရှားတာတစ်ခုကို ထုတ်ပြရလျှင်ဘုရား တရား သံဃာ ရတနာသုံးပါးကို ကိုးကွယ်နေကြသော ဗုဒ္ဓဘာသာဝင်တို့သည်
နတ်တွေကို ဘုရားနှင့်တန်းတူရည်တူထား၍ အိမ်တွင်းမှာကိုးကွယ်ပူဇော် ပ သ နေခြင်းလော၊သို့မဟုတ် ဘယ်လိုလဲ ဘုရားကို
ကိုးကွယ် ပူဇော်ခြင်းမျိုးက တစ်ကဏ္ဍ နတ်တွေကို ကိုးကွယ်ပူဇော်ခြင်းမျိုးက တစ်ကဏ္ဍ ဤကဏ္ဍ
နှစ်ခုဘယ်လိုခြားနားနေပါသလဲ ဤကဲ့သို့သောသံသယစိတ်တွေ သူတို့မှာ
ဖြစ်နေသည်။နိုင်ငံခြားသားတွေက ဗုဒ္ဓဘာသာဝင်တွေရဲ့အပေါ်မှာ ဘာသာတရားကို ကိုးကွယ်မှုခံယူမှုတွေနှင့်ပတ်သက်ပြီး သံသယစိတ်တွေဖြစ်မည်ဆိုလျှင်လည်း ဖြစ်လောက်စရာပင်မဟုပ်ပါလား။အချို့ဗုဒ္ဓဘာသာဝင်ဆိုသူတို့သည် အိမ်မှာဘုရားအတွက်ပူဇော်ထားသော ငှက်ပျောပွဲအုန်းပွဲတွေကိုသာ အညိုးခံချင်ခံမည် နတ်တွေအတွက် ပူဇော် ပ သ ထားသော ငှက်ပျောပွဲ၊အုန်းပွဲ
မျိုးတွေအတွက် ပူဇော် ပ သ ထားသောငှက်ပျောပွဲ အုန်းပွဲမျိုးတွေကိုတော့ ဘယ်သောအခါမှ အညှိုးမခံ အမြဲတမ်းပဲ အသစ်သစ်တွေနဲ့ လဲလှယ်ပူဇော်ပေးနေကြသည်။သေးကွေးလှသောဘုရားရုပ်ပွားတော်လေးများသည် ခန့်ညားထည်ဝါလှသော နတ်ရုပ်တွေအနားမှာ မထင်မရှားအသွင်လေးနှင့် သီတင်းသုံးနေကြရသောအဖြစ်မျိုးတွေကလည်း အချို့အိမ်တွေမှာရှိနေဆဲဖြစ်သည်။
မြန်မာပြည်အနှံ့ ဟိုဟိုသည်သည်ကြည့်ပြန်တော့လည်း နတ်ပွဲတွေ ကနားပွဲတွေသည် ရပ်ကွက်တွေရပ်ရွာတွေထဲမှာခြိမ့်ခြိမ့်ညံနေဆဲ။ဤအခြေအနေတွေကိုတွေ့နေရမြင်နေရတော့လည်း စူးစမ်းတတ်၊ဆင်ခြင်တတ်၊စဉ်းစားတတ်ကြသောနိုင်ငံခြားသားတွေစဉ်းစားကြသည်မှာ ဆန်းတော့မဆန်းလှတော့ပါဟုသာယူဆရပေတော့မည်။ဦးဇင်းသည်နတ်ကိုးကွယ်ခြင်းဆိုင်ရာမေးခွန်းများကို အမေးခံရပြီးသည့်နောက်ပိုင်းမှာ ဗုဒ္ဓဘာသာဝင်များနှင့်နတ်ကိုးကွယ်မှုဆိုင်ရာဘာသာရေးပြဿနာတွေကို အတော်လေးစိတ်ဝင်စားလာသည်။နတ်ကိုးကွယ်ခြင်းဆိုင်ရာကိစ္စတွေကိုလည်းမကြာမကြာစဉ်းစား ကြည့်မိသည်။နတ်ကိုးကွယ်မှုဆိုတာ အယူမှားလမ်းမှားများသို့လိုက်မှားတတ်ပြီး ပစ္စုပ္ပန်သံသရာမှာအကျိုးကျေးဇူးမဲ့မူ့များကိုဖြစ်စေနိုင်သည်ဆိုသည့် ပညာရှိသူတော်မွန်တွေဆုံးမစကားများ ကိုလည်းအမှတ်ရနေမိပြန်သည်။
သည်လိုအခြေအနေတွေ အကြောင်းကြောင်းတွေကြောင့် ဦးဇင်းသည် နတ်ကိုးကွယ်မှုနှင့်ပတ်သက်ပြီး ဗုဒ္ဓစာပေကျမ်းဂန်များတွင် ဘယ်ပုံဘယ်နည်းဖြင့်ရှင်း လင်းဖော်ပြထားသည်ဆိုသည်ကို ပြန်၍ လေ့လာရပြန်သည်။ ဘာသာရေးနယ်ပယ်တွင် ယုံကြည်မှုဆိုင်ရာနှင့်ပတ်သက်ပြီး သိမ်မွေ့လှသောဒီဆောင်းပါးမျိုးကို ရေးရပြီဆိုလျှင် တစ်ချို့က ဤကဲ့သို့သောမေးခွန်းမျိုးများကိုလည်း မေးလာနိုင်ပါသည်။ (မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဝင်ဦးရေဘယ်လောက်ရှိနေသလဲ။နတ်ဘာသာဝင်ဦးရေဘယ် လောက်ရှိနေသလဲ)စသောမေးခွန်းမျိုးတွေဖြစ်သည်။အမေးရှိလျှင်တော့ အဖြေကလည်းရှိစမြဲပင်။ ဦးဇင်း၏အဖြေကတော့(ဦးဇင်းမသိပါ)ဟူ၍သာဖြစ်လိမ့်မည်။
ဦးဇင်းဒီဆောင်းပါးကိုရေးသားရခြင်း၏အဓိကရည်ရွယ်ချက်မှာ ဗုဒ္ဓဘာသာဝင်ဦးရေက ဘယ်လောက်
နတ်ဘာသာဝင်ဦးရေကဘယ်လောက်ရှိသလဲဆိုတာကို စာရင်းကောက်ရန်မဟုတ်ပါ။အချိန်လည်းမပေးနိုင်ပါ။သို့သော်နတ်ကိုးကွယ်မှုဆိုင်ရာနှင့်ပတ်သက်ပြီး အဖြူအမည်းသဲကွဲအောင်ဦးဇင်းအစီအစဉ်လေးတစ်ခုကိုတော့ပြုထားတာရှိပါသည်။၎င်းအစီအစဉ်ကတော့ဦးဇင်း ရေးသားထားသော ဒီဆောင်းပါးကိုဖတ်ရှုလေ့လာပြီးသောအခါစာဖတ်သူကိုယ်တိုင်းပင် ငါသည် ဗုဒ္ဓဘာသာတရားကို လေးလေးစားစားမြတ်မြတ်နိုးနိုးနက်နက်ရှိုင်းရှိုင်းဖြင့် ကိုးကွယ်နေသူ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဟုတ် မဟုတ် ကိုယ်တိုင်ပဲထုတ်ဖော်ပြောကြားလာနိုင်မည့်အစီအစဉ်လေးတစ်ခုပင်ဖြစ်သည်။ ၄င်းအစီအစဉ်သည်စာဖတ်သူနေလိုသောဘက်မှာနေနိုင်အောင်စီစဉ်ထားခြင်းဖြစ်သည်။အားနာစရာမလိုပါ။ အရှိကိုအရှိအတိုင်း အမှန်ကိုအမှန်အတိုင်း ထုတ်ဖော်ပြောကြားရန်သာဖြစ်သည်။မှန်မှန်ကန်ကန်ပြောရဲဆိုရဲသော သတ္တိမျိုးရှိဖို့တော့လိုအပ်ပါသည်။ မိမိကိုယ်ကိုမိမိဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဟုတ်မဟုတ် ကိုယ့်ကိုယ်ကို သိနိုင်ရန်စံထားပြီးလေ့လာရမည့်မှတ်ကျောက်တစ်ခုမှာဒီလိုပါ။
(၁)သရဏဂုံသုံးပါး(ဘုရားတရားသံဃာရတနာသုံပါး)ကို မိမိ၏နှလုံးသားမှာတည်ထားပြီးသူဟုတ်မဟုတ်စဉ်းစားဖို့ပါ။ို
(၂)ငါးပါးသီလမြဲမှု၊ကံ,ကံ၏အကျိုးတရားများကိုလေးလေးစားစားမြတ်မြတ်နိုးနိုးဖြင့်လက်ခံထားသူ (သို့မဟုတ်) ခံယူထားသူ ဟုတ်မဟုတ်ပါ ။
(၃)ရတနာသုံးပါးမှတစ်ပါးကိုးကွယ်ရာမရှိသူ(သို့မဟုတ်)ရတနာသုံးပါးမှတစ်ပါးနောက်ထပ်ကိုးကွယ်ရာကိုရှာနေသူဟုတ်မဟုတ်ပါ။
ဒီသုံးမျီုးကိုအခြေခံထား၍ မိမိကိုယ်တိုင်ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဟုတ်မဟုတ် ဘာသာဝင်မှတ်ကျောက်ပေါ်မှာတင်ကြည့်
မယ်ဆိုပါက စာဖတ်သူများကိုယ်တိုင်ပင် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်
ဟုတ်မဟုတ် အဖြေပေးနိုင်လာပါလိမ့်မည်မဟုတ်ပါလား။
(အချို့ကလည်းသရဏဂုံတည်ထားပြီးသူတစ်ယောက်သည် ကြောက်၍ဖြစ်စေ ခြောက်၍ဖြစ်စေ လာဘ်လာဘကြောင့်ဖြစ်စေ
မိရိုးဖလာဓလေ့ထုံးစံကိုမပယ်နိုင်သောကြောင့်ဖြစ်စေ ဤအကြောင်းများ အားလုံးကြောင့်ဖြစ်စေသို့မဟုတ် ဤအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ နတ်ကို(နတ်များကို) ကိုးကွယ်နေလျှင်သရဏဂုံမပျက်နိုင် ဟုဆိုလိုချင်ကြပေသည်။
သို့သော် အထက်မှာဖော်ပြပြီးဖြစ်သောဘာသာဝင်မှတ်ကျောက်ပေါ်မှာတင်ပြီး မိမိကိုယ်ကိုစစ်ဆေးရာတွင်ခြွင်းချက်ထား၍စစ်ဆေးတာမျိုးကိုဦး
ဇင်း၏ ဆန္ဒအရပြောရလျှင်တော့ မဖြစ်သင့်ပါဟူ၍။ဖြူစင်သန့်ရှင်းပြီးစစ်မှန်သော ထေရ၀ါဒတရားတော်များကိုအ
မည်းစက်တွေ စွန်းထင်းအောင် အများဆုံးပြုလုပ်နေကြသူများသည် နတ်တွေကိုခုတုံးလုပ်ပြီး ကိုယ်ကျိုး ကိုယ့်စီးပွားရှာနေသောသူတွေဖြစ်သည်။အများရဲ့ကိုးကွယ်မှုအခွင်အရေးကနေတစ်နည်းတစ်လမ်းဖြင့်
ဖြားယောင်း သွေးဆောင်ပြီးကိုယ်ကျိုးကိုယ့်စီးပွားကိုရှာနေကြသောပုဂ္ဂိုလ်များထဲတွင် နတ်ဝင်သည်တွေနှင့် ဘိုးတော်ဘွားတော်ဆိုသူများသည် ရှေ့တန်းမှပါဝင်နေသည်။ထိုသူတွေအတွက်မေးခွန်းထုတ်စရာအချက်အလက်တွေတင်ပြရန် အချက်အလက်တွေများပြားလှသော်လည်းမေးခွန်းထုတ်၍ ဖြေကြားရန်ဆွေးနွေးရန် ဒီဆောင်းပါးတွင်အချိန်မပေးနိုင်သောကြောင့် ဤဆောင်းပါး
အတွက်အဓိကတင်ပြလိုသောမိရိုးဖလာနတ်ကိုးကွယ်မှုနှင့်စပ်လျဉ်းသောမေးခွန်းတစ်ခုကိုသာထုတ်၍တင်ပြလိုပါသည်။အဘယ်ကြောင့်လူသားတွေ(ဗုဒ္ဓဘာသာဝင်တွေ)နတ်တွေကိုကိုးကွယ်ရာ
အဖြစ်သတ်မှတ်၍ ကိုးကွယ်ပူဇော်ပသနေကြသနည်း။ဒီမေးခွန်းသည်ဤဆောင်းပါး အတွက် အရေးကြီးသောအဓိကသော့ချက်
ဖြစ်သည်။ဤနေရာတွင်အထူးပြုပြောကြား လိုသည်မှာဒီဆောင်းပါးသည်နတ်ကိုးကွယ်မှုဆိုင်ရာနှင့်ဆက်စပ်သောအကြောင်းအရာများကိုသာ
အထူးပြုတင်ပြပါမည်။အောက်ဖော်ပြပါအချက်အလက်များသည်နတ်များကိုကိုးကွယ်ရခြင်း၏အဓိကကျသောအခြေခံအကြောင်းတရားများ ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
နတ်ကိုးကွယ်ခြင်း၏ အခြေခံအကြောင်းတရား ( ၅ ) ပါး...
(၁)ကြောက်၍ကိုးကွယ်ခြင်း...
(၂)လာဘ်လာဘကိုငဲ့၍ကိုးကွယ်ခြင်း...
(၃)အားကိုးအားထားပြုလို၍ကိုးကွယ်ခြင်း.....
(၄)မိရိုးဖလာဓလေ့ထုံးစံများကိုမစွန့်ပယ်ဝံ့၍ကိုးကွယ်ခြင်း...
(၅)မသိနားမလည်ခြင်းအယူလွဲမှားခြင်းတို့ကြောင့်ကိုးကွယ်ခြင်းဟူ၍နတ်ကိုးကွယ်ခြင်းဆိုင်ရာအခြေခံအကြောင်းတရားငါးပါးကို
တွေ့ရပါသည်။သင်သည်ဘယ်လိုဘာသာကိုကိုးကွယ်သူဖြစ်နေသနည်းသင်ကိုသင်ပြန်သုံးသပ်ပြီးရဲရဲဝံ့ဝံ့ဝန်ခံလိုက်ပါငါသည်မည်သည့်ဘာသာကိုးကွယ်သူဖြစ်နေသည်ဟူ၍ဗုဒ္ဓဘာသာအစစ်ကိုကိုးကွယ်သူများဖြစ်နိုင်အောင်ကြီုးစားအားထုပ်နိုင်ကြပါစေလို့
ဦးဇင်းကဆန္ဒပြုပါ၏..။
အရှင်မုနိန္ဒ(ပန်းထော်)M.A
waiting for PhD ဗုဒ္ဓဂယာ မာဂဓတက္ကသိုလ်
No comments:
Post a Comment