Photobucket LOVE  photo meet.jpg ငါသည်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သောတရားတော်များကိုကိုးကွယ်ယုံကြည်သောဗုဒ္ဓဘာသာဗမာလူမျိုးမြန်မာနိုင်ငံသားတစ်ဦးဖြစ်၏။ငါတင်ပြခဲ့သောစာပေများသည်ငါ့လူမျိုးငါ့ဘာသာငါ့သာသနာ အတွက်ဖြစ်၏။ထိုငါတင်ပြခဲ့သောစာပေများသည်...၁=ငါ့လူမျိုးငါ့ဘာသာငါ့သာသနာဟုငါဟူသောအတ္တစွဲဖြင့်အစွန်းတစ်ဖက်သို့ရောက်ခဲ့အံ့။၂=မူလရေးသားတင်ပြသောပိုင်ရှင်၏ခွင့်ပြုချက်မရပဲငါ့လူမျိုး ငါ့ဘာသာငါ့သာသနာအတွက်ဟုငါဟူသောအတ္တစွဲဖြင့်တင်ပြခဲ့မိအံ့။ ၃=လူတစ်ဦးတစ်ယောက်၏ပုဂ္ဂိုလ်ရေးအရထိခိုက်နစ်နာစေ၍ငါ့လူမျိုးငါ့ဘာသာငါ့သာသနာအတွက်ဟု ငါဟူသောအတ္တစွဲဖြင့် တင်ပြခဲ့မိအံ့။ဤမှန်သော သစ္စာစကားကြောင့် ငါ့လူမျိုး ငါ့ဘာသာ ငါ့သာသနာသည် ကမ္ဘာတည်သ၍ တည်တန့် ထွန်းကား ပြန့်ပွားပါစေသား......

Sunday, May 19, 2013

တိရစ္ဆာန်ဘ၀မှသေလွန်ကာ နတ်ဘ၀သို့ ရသွားသူ "… ပါလိလေယျက ဆင်မင်း၏ အကြောင်း … (ဒုတိယပိုင်း)…"



-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-.-

... ပါလိလေယျက ဆင်မင်းသည်များစွာသော ဆင်အပေါင်းတို့ နှင့်နေရခြင်းကို ငြီးငွေ့ လှသောကြောင့် ထိုဆင်အပေါင်းတို့ မှ ကြဉ်ရှောင်ပယ်ခွာလျှက် တစ်ကောင်တည်းသာလျှင် ထို ပါလိလေယျက တောအုပ်အတွင်း၌ မွေ့ လျော်လည်ပတ်ကျက်စား၍ နေကာ မြတ်စွာဘုရားရှင် သီတင်းသုံးရာအင်ကြင်းပင်ရင်းသို့  ချဉ်းကပ်လာ၍မြတ်စွာဘုရားရှင်ကို ကြည်လင်ကော်ရော် ပူဇော်ရှိခိုးပြီး ထိုထိုဤဤ ထက်ဝန်းကျင်ကို ကြည့်ရှုသည်ရှိသော် လုပ်ကျွေးမည့်သူ ပုဂ္ဂိုလ်ဟူသမျှ တစ်စုံတစ်ယောက်မျှမပါသည်ကို သေချာထင်ထင် သိမြင်သောအခါမှ အကိုင်းအခက်အရွက်တို့  အထပ်ထပ်ဝေဆင့် သင့်တင့်ကောင်းမြတ်လှသော အင်ကြင်းပင်ကြီး၏ အောက်ခြေဌာနမြေပြင်ကို ညီညာပြေပြစ်စေလျှင် နှာမောင်းဖြင့် သစ်ရွက်သစ်ခက်တို့ ကို ချိုးဖြတ်ယူငင်ကာ မြတ်စွာဘုရားရှင်အတွက် သီတင်းသုံးရာအလို့ ငှာ ကောင်းစွာတံမြက်လှဲ၍ ပေးရှာလေ၏။

ထိုအခါမှစ၍ မြတ်စွာဘုရားရှင်အတွက် နှာမောင်းဖြင့် ရေအိုးကိုယူပြီးသောအခါ သောက်တော်ရေ သုံးတော်ရေတို့ ကိုလည်း တည်ထားပေး၏။ မြတ်စွာဘုရားရှင်သည် ရေပူရေနွေးဖြင့် အလိုရှိတော်မူသည်ရှိသော် ရေပူရေနွေးရအောင် ထင်းသစ်တို့ ကို အချင်းချင်း ပွတ်တိုက်စေလျှက် မီးကိုဖြစ်စေကာ ထိုမီးဖိုအတွင်းသို့  ကျောက်ခဲတုံးတို့ ကို ထည့်ကာမီးဖုတ်လျှက် ရေအိုင်ငယ်တစ်ခုသို့  လှိမ့်ယူချကာ ရေပူရေနွေးရအောင် ဖန်တီး၍လှူဒါန်းတော်မူလေ၏။

ထို့ အပြင်တောတွင်းသို့ လှည့်လည်ကာ ချိုမြိန်ကောင်းမွန်သော သစ်သီးကြီးငယ် အသွယ်သွယ်တို့ ကိုလည်း ရှာဖွေယူဆောင်လျှက် မြတ်စွာဘုရားရှင်အား ပေးလှူဆက်ကပ်သေး၏။
မြတ်စွာဘုရားရှင်သည် တောမှနေ၍ ၇ွာအတွင်းသို့ ဆွမ်းခံ ကြွလျှင်လည်း မြတ်စွာဘုရားရှင်၏ သပိတ်သင်္ကန်းတော်တို့ ကိုယူ၍ မိမိ၏ဦးကင်းထက်၌ တင်ထားတော်မူလျှက် ဘုရားရှင်နှင့် ထက်ကြပ်မကွာ အတူသာလျှင် လိုက်သေး၏။
ရွာ၏ဥပစာသို့ ရောက်သောအခါမှသာလျှင် မြတ်စွာဘုရားရှင်က နေရစ်ဟူ၍ထားခဲ့သော နေရာမှပင် စောင့်ကာ ဆွမ်းခံအပြီး မြတ်စွာဘုရားရှင်ပြန်အလာ၌ သပိတ်သင်္ကန်းတို့ အား ယူဆောင်သယ်ပိုးကာ တောအုပ်အတွင်းသို့  အတူပြန်ဝင်လေ၏။

တောအုပ်အတွင်းရှိ မြတ်စွာဘုရားသီတင်းသုံးတော်မူရာ နေရာသို့ ပြန်လည်ရောက်ရှိလျှင်လည်း မိမိသယ်ဆောက်လာခဲ့သော မြတ်စွာဘုရားရှင်၏ သပိတ်သင်္ကန်းတို့ ကို ချထားပြီးလျှင် ၀တ်ကြီးဝတ်ငယ် ပြုဖွယ်ဟူသမျှ တံမြက်လှဲခြင်းမှအစ သစ်ခက်ဖြင့်ပင် မြတ်စွာဘုရားရှင်အား ယပ်ခတ်၍ပင် ပေးလေသေး၏။

ညဥ့်ကာလသို့ ရောက်သော် သားရဲစသောဘေးရန်တို့ မှ ကာကွယ်လျှက်မိုးသောက်ရောက်အောင် လှည့်လည်စောင့်ရှောက်၏။ ထိုအခါကာလမှစ၍ ၎င်းတောအုပ်ကို ပါလိလေယျကဆင်မင်း စောင့်ရှောက်အပ်သောကြောင့် ပါလိလေယျကရက္ခိတ တောအုပ်ဟု အမည်တွင်လေ၏။

နေအရုဏ်မိုးသောက်သို့  ကျရောက်သောကာလ မျက်နှာသစ်တော်ရေကိုအစပြု၍ ပြုသင့်ပြုထိုက်သော ၀တ်ကြီးဝတ်ငယ် အသွယ်သွယ်တို့ ကို တစ်စမကျန်အမှန်အမြဲ ပြုစုပေးလေ၏။

ဆင်မင်းကို အတုယူသော မျောက်ကလေး
------------------------------------------

မျောက်သည်လည်း မြတ်စွာဘုရားအားပူဇော်ခြင်း
------------------------------------------------

ထိုမှနောက် တရံရောအခါ ၎င်းတောအုပ်အတွင်း၌ ကျင်လည်ကျက်စားသွားလာလျှက်ရှိသော မျောက်တစ်ကောင်သည် ပါလိလေယျကဆင်၏ မြတ်စွာဘုရားရှင်အပေါ် ကြည်လင်မပြတ်ဆည်းကပ်ခစား ပြုစုလုပ်ကျွေးနေသည်ကို မြင်သောကြောင့် ငါသည်လည်း တစ်စုံတစ်ခုသော အမှုကိစ္စပြုဖွယ်ရှိလျှင်ပြုအံ့ဟု အကြံရလျှက် တောတွင်းမှ ပျားကောင်မရှိသော ပျားတံတစ်ခုကို တွေ့ မြင်၍ လျှင်မြန်စွာချိုးယူပြီးလျှင် အတံနှင့်တကွသော ပျားအုံကို မြတ်စွာဘုရားရှင်၏ ထံတော်သို ယူဆောင်ကာ ငှက်ပျောရွက်ကို ဖြန့် ခင်းလျှက် ပေးလှူဆက်ကပ်လေ၏။

မြတ်စွာဘုရားရှင်သည်လည်း ကောင်းစွာအလှူခံတော်မူ၏။ မျောက်သည်လည်း သူဆက်ကပ်လိုက်သော အရာကို မြတ်စွာဘုရားရှင် ဘုန်းပေးသုံးဆောင်တော်မူသလော၊ မသုံးဆောင်ပဲနေမည်လောဟူ၍ ကြည့်ရှု၍နေသည်ရှိသော် မြတ်စွာဘုရားသည် ဘုန်းပေးသုံးဆောင်တော်မမူပဲ ကိုင်ကြည့်၍သာ နေသည်ရှိသော် အကြောင်းမည်သို့ ရှိသောကြောင့် မြတ်စွာဘုရားသည် ဘုန်းပေးသုံးဆောင်တော်မမူလေသနည်းဟု တွေးတောဆင်ခြင်လျှက် ပျားတံ၏ အစွန်းကို ကြည့်ရှုစူးစမ်းသော် ပျားဥတို့ ကို မြင်လေ၍ ထိုပျားဥတို့ ကိုတဖြည်းဖြည်း ဖယ်ကာရှားပြီးသော်မှ နောက်တစ်ဖန်ပြန်လည်ဆက်ကပ် လှူဒါန်လေ၏။

ထိုမှသာ မြတ်စွာဘုရားရှင်သည် ကောင်းစွာဘုန်းပေး သုံးဆောင်တော်မူလေ၏။

ထိုမျောက်သည် မြတ်စွာဘုရားရှင် ဘုန်းပေးသုံးဆောင်တော်မူ သည်ကိုမြင်လျှင် နှစ်သက်ကြည်လင်အလွန်ရွှင်ပြသော စိတ်ရှိသည်ဖြစ်၍ သစ်ပင်တို့ အထက်သို ပေးတက်ပျော်ပါး သစ်ကိုင်းတို့ အား လွှဲကာကစားလျှက် ကခုန်မြူးထူးလေသည်။

ထိုသို့ ဖြင့် ပျော်ရွှင်ခြင်းအတိ သဒ္ဓါပီတိတို့ ဖြင့် တည်နေစဉ်အတွင်း မျောက်သည် ဆွဲသောသစ်ကိုင်း သည်လည်းကောင်း၊ နင်းမိလေသော သစ်ခက်တို့ သည်လည်းကောင်း ကျိုးပြတ်ကာကျလေသဖြင့် အောက်မြေပြင်တွင်ရှိသော တစ်ခုသောသစ်ငုတ်တစ်ခုထက်၌ ထုတ်ချင်းပေါက်လျှက် ဖောက်ထွင်းကာကျ၍ မြတ်စွာဘုရားရှင်အပေါ် ကြည်လင်နှစ်သက်သော စိတ်ဖြင့်ပင် သေလွန်လေ၏။

ထိုသို့ သေလွန်ပြီးလျှင် ချက်ချင်းပင် တာဝတိံသာ နတ်ပြည်၌ ယူဇနာသုံးဆယ်ကျယ်ပြန့် သော ရွှေဗိမာန်တော်ကြီး၌ နတ်သမီးတစ်ထောင် အရံရှိသော မက္ကဋ နတ်သားအမည်ဖြင့် ဖြစ်လေ၏။

မြတ်စွာဘုရာရှင်သည် ထိုတောအုပ်၌ ပါလိလေယျက ဆင်မင်းသည် လုပ်ကျွေးပြုစုအပ်သဖြင့် ၀ါတွင်းသုံးလ ကာလပတ်လုံး သီတင်းသုံး၍ နေတော်မူသော အဖြစ်သည် အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌ ကျော်စောထင်ရှားခြင်း ဖြစ်လေသည်။

ဆရာတော် အရှင်စန္ဒိမာ

No comments:

Post a Comment