=====================
အသောကမင်းလက်ထက် တတိယသံဂါယနာ တင်ပြီးနောက် တိုင်းဒေသကြီး ၉-ခုသို့ သာသနာပြု မထေရ်များကို စေလွှတ်ခဲ့သည်။ ထိုအထဲတွင် အရှင်သောဏနှင့် အရှင်ဥတ္တရမထေရ် တို့ အမှူးပြုသော သာသနာပြု အဖွဲ့သည် သုဝဏ္ဏဘုမ္မိသို့ ကြွရောက်၍ သာသနာပြုကြရသည်။
ထိုအချိန်တွင် သုဝဏ္ဏဘုမ္မိ၌ ရက္ခိုသ်ဘီလူးများ ရှိနေသည်။ လူတို့သည် ဘီလူးတို့ ၀င်၍ နှောင့်ယှက်နေသောကြောင့် အန္တရာယ်နှင့် ရင်ဆိုင်နေကြရသည...်။ ရဟန္တာ ၂-ပါးတို့သည် ဘီလူးတို့၏ အန္တရာယ်ကို ကာကွယ်ပေးနိုင်သဖြင့် လူတို့က အားထားလာကြသည်။
အရှင်သောဏနှင့် အရှင်ဥတ္တရမထေရ်တို့သည် လူတို့အား ဗြဟ္မဇာလသုတ်တော်ကို ဟောကြားကြ၏။ သရဏဂုံ သီလတို့၌ တည်စေ၏။ မထေရ်တို့၏ ဟောကြားမှုကြောင့် ဗုဒ္ဓဘာသာ ၀င်ပေါင်း ၆၀၀၀၀(ခြောက်သောင်း)မျှ ရရှိလာသည်။ ယောက်ျား မိန်းမပေါင်း ၁၅၀၀-တို့သည် သာသနာ့ဘောင် ၀င်၍ ရဟန်းပြုကြလေသည်။
ဤတွင် သုဝဏ္ဏဘုမ္မိခေါ်သော ဒေသကို မြန်မာရာဇ၀င် သာသနာဝင် ကျမ်းများ၌ မွန်ပြည်နယ်အတွင်းရှိ သုဓမ္မာပူရခေါ် သထုံမြို့ဖြစ်သည်ဟု ရေးသားဖော်ပြခဲ့ကြသည်။ ခေတ်သစ် သမိုင်းသုတေသီတို့ကမူ သုဝဏ္ဏဘုမ္မိဆိုသည်မှာ ဆုမတြာကျွန်းဆွယ်ကို သုဝဏ္ဏဘုမ္မိ ခေါ်ဆို ကြောင်း ကောက်ချက်ချ၍ ပြထားကြသည်။
ဆုမတြားဟူသော အမည်သည် ရှေးက သုမိတ္တခေါ်သော အိန္ဒိယတိုင်းသား ကုန်သည် တစ်ဦးက ရှေးဦးစွာ ဤကျွန်းသို့ လာရောက် အခြေချသောကြောင့် ထိုပုဂ္ဂိုလ်၏ အမည်ကို စွဲ၍ ခေါ်ဆိုလာခြင်း ဖြစ်သည်ဟု ဆိုသည်။ ပါဠိဘာသာဖြင့် သုမိတ္တ၊ သက္ကတဘာသာဖြင့် ဆုမိတြမှ ဆုမတြားဟု ခေါ်ဆိုလာကြသည် ဆိုပေသည်။
ဆုမတြားကျွန်းဆွယ် ဒေသကိုပင် သုဝဏ္ဏဘုမ္မိဟု ခေါ်ဆိုလာကြသည်မှာ အိန္ဒိယသားများပင် ဖြစ်သည်။ ရှေခေတ်က အိန္ဒိယတိုင်းသားများသည် ဤဒေသသို့ ကုန်ရောင်း ကုန်ဝယ် လာရောက်ကြသည်။ ဤဒေသကို မှီ၍ စီးပွားဖြစ်ထွန်းကြသည်။ မိမိတို့အတွက် ရွှေကဲ့သို့ အဖိုး တန်သော နယ်မြေဟု သတ်မှတ်လာကြ၏။ ထို့ကြောင့် ဆုမတြားကျွန်းဆွယ်ဒေသကို သုဝဏ္ဏဘုမ္မိ (ရွှေမြေ) ဟူ၍ တင်စား ခေါ်ဆိုခဲ့ကြလေသည်။
ဤသုဝဏ္ဏဘုမ္မိခေါ် ရွှေမြေဒေသမှာ သထုံတစ်ဝိုက်အထိ ပါဝင်သည်ဟု ပညာရှင်တို့ လက်ခံခဲ့ကြ၏။ ဤအဆိုပြုချက်ကို ဆက်လက် လေ့လာသောအခါ ထောက်ခံနိုင်သော အကြောင်း များကို တွေ့ရှိရသည်။
အရှင်သောဏနှင့် အရှင်ဥတ္တရတို့ သာသနာပြု ရောက်စဉ်က လူတို့မှာ ဘီလူးတို့၏ ဘေးရန်များကို ခံစားနေကြရသည်။ ရှေးဟောင်း မွန်ရာဇ၀င်ကျမ်းများတွင်လည်းကော
ဤအထောက်အထားအရ သထုံဒေသကို ဘီလူးများ အုပ်စိုးခဲ့ကြောင်း သိရှိရ၏။ ထို ဘီလူးဆိုသော ပုဂ္ဂိုလ်များမှာလည်း နီဂရစ်တို အမျိုးအနွယ်များကိုပင် ခေါ်သည်ဟု မှတ်ယူနိုင် သည်။ မြန်မာနိုင်ငံ နယ်မြေ အနှံ့အပြား၌ ရှေးဦးခေတ်က နီဂရစ်တိုအနွယ် လူမျိုးများ နေထိုင်သွား ကြောင်း ရှေးဟောင်းသုတေသန လေ့လာချက်များအရလည်း သိရှိထားကြသည်။
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသသို့ မွန်ခမာအနွယ်ဝင် လူမျိုးများ ရောက်လာသော အခါတွင် ရှိရင်းစွဲ နီဂရစ်တိုအနွယ်ဝင်တို့နှင့် ပဋိပက္ခ ဖြစ်ကြရသည်။ မွန်ခမာတို့က စစ်ပွဲများ ဆင်နွှဲ၍ နယ်မြေများကို သိမ်းပိုက်ကြသည်။ နီဂရစ်တိုတို့သည် နယ်မြေများကို စွန့်လွှတ်ကြရသည်။ ပင်လယ်ဘက်သို့ ပြောင်းရွှေ့ကုန်ကြရသည်။ ယခုတိုင် သံလွင်မြစ်ဝ မော်လမြိုင်အနီးတွင် ဘီလူးကျွန်းခေါ်သော ကျွန်းကြီး ရှိနေခြင်းက သက်သေကောင်းတစ်ခု ဖြစ်သည်။
အရှင်သောဏတို့ သာသနာပြု ရောက်ချိန်တွင် မွန်လူမျိုးတို့နှင့် နီဂရစ်တိုအနွယ်ဝင် ရေဘီလူးတို့ စစ်ပွဲများ ဖြစ်နေချိန်ဟူ၍ ကောက်ချက်ချနိုင်သည်။ မထေရ် ၂-ပါးတို့က ဘီလူးတို့ ရန်ကို ကာကွယ်ပေးခဲ့သည်မှာလည်း နီဂရစ်တို လူမျိုးတို့သာ ဖြစ်ကြောင်း နားလည်နိုင်ကြပေသည်။
စောစောပိုင်းက မွန်လူမျိုးတို့နှင့် ရေဘီလူး လူမျိုးတို့ အချင်းချင်း ဘက်ပြိုင် တိုက်ခိုက်နေခဲ့သော်လည်း နောက်ပိုင်းတွင် မွန်နှင့် ဘီလူးအချို့တို့မှာ အချင်းချင်း သင့်မြတ်အောင် နေထိုင်ခြင်း၊ ဗုဒ္ဓဘာသာတရားတော်ကို သက်ဝင် ယုံကြည်ခြင်းဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့သည် ဟု ဆိုနိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ဇုတ်သုတ်ရွာ ထီးဆောင်းဘုရားကို ဘီလူးများက တည်ထား ကိုးကွယ်ခဲ့ကြသောကြောင့်ပေတည်း။
သုဝဏ္ဏဘုမ္မိခေါ် သထုံမြို့ကို ဘီစီ ၁၇-ရာစုကပင် တည်ထောင်ခဲ့သည်ဟု မွန်မြန်မာ ရာဇ၀င်တို့က ရေးဆိုကြ၏။ သို့ရာတွင် တိကျသော သမိုင်းအထောက်အထားကို မတွေ့ရသေးချေ။
သမိုင်းတင်ခေတ် ရောက်သောအခါ သုဝဏ္ဏဘုမ္မိနှင့် စပ်၍ ခေါမပထ၀ီဝင် ပညာရှင် တော်လမီရေးသော ပထ၀ီကျမ်း၌ တွေ့ရှိရ၏။ တော်လမီက ဗေစင်ဂခေါ် မုတ္တမပင်လယ်ကွေ့ ကမ်းရိုးတန်း တစ်လျှောက်တွင် အရပ်ပု၍ ကြမ်းတမ်းသော ကြံ့ခိုင်သော လူကြမ်းများ နေထိုင် ကြောင်း မှတ်တမ်းတင်ထားခဲ့သည်။ ထိုလူမျိုးစုများမှာ စာပေတို့၌ ဘီလူးဟု ခေါ်သော လူမျိုးများ ဖြစ်သည်။ ထိုလူမျိုးစု အများအပြားမှာ လူမျိုးသစ်များ ၀င်ရောက်လာသောအခါ၌ ပင်လယ်တွင်း
ရှိ ကျွန်းစုများပေါ်သို့ ပြောင်းရွှေ့သွားကြလေသည်။
အချို့ဘီလူးမျိုး အနည်းစုမှာ လူယဉ်ကျေးတို့ မနေလိုသော တောင်ကုန်းတောင်တန်း များ၌ သောင်တင်နေခဲ့သူများလည်း ရှိပေသည်။ ပုံစံအားဖြင့်ဆိုလျှင် မြန်မာရာဇ၀င်မှ မဟာသမ္ဘ၀ နှင့် စူဠသမ္ဘ၀ဇာတ်လမ်း၌ ပါသော စစ်ကိုင်းတောင်တန်းနေ စဏ္ဍမုခိ ဘီလူးမသည်လည်းကောင်း၊ ပုပ္ပားတောင်မှ မ၀ဏ္ဏခေါ်သော ပန်းရောင်းစားသည့် ဘီလူးမသည်လည်းကောင်း မြန်မာပြည်၌ သောင်တင်နေခဲ့သော ဘီလူးအနွယ်ဝင် လူမျိုးစုများ ဖြစ်ပေသည်။
ဖော်ပြပါ အကြောင်းရပ်တို့ကို ထောက်ဆ၍ ရှင်သောဏနှင့် ဥတ္တရမထေရ်တို့သည် သထုံတစ်ဝိုက်ရှိ လူမျိုးစု ၂-ခုလုံးကို ဗုဒ္ဓဘာသာသို့ သက်ဝင် ယုံကြည်စေရန် ဟောပြော စည်းရုံး နိုင်ခဲ့သည်ဟု မှတ်ယူနိုင်ကြပေသည်။
No comments:
Post a Comment